မြန်မာ-ထိုင်း-ရုရှား သုံးနိုင်ငံပူးပေါင်း၍ ထားဝယ်၌ စွမ်းအင်ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

အောက်တိုဘာလ ၂၁ ရက်၊ ၂၀၂၆
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. Akanat Promphan တို့ ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ် မြန်မာ၊ ထိုင်း၊ ရုရှား သုံးနိုင်ငံ ပူးပေါင်း၍ ထားဝယ်ဒေသကို အခြေပြုသည့် စွမ်းအင်ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အပါအဝင် နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးရန် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဉ် လက်ရှိ သဘာဝဓာတ်ငွေ့ စီမံကိန်းများတွင် အထွက်နှုန်းတိုးမြှင့်ရေး၊ ပိုက်လိုင်းများ စွမ်းဆောင်ရည် အပြည့်အဝ အသုံးပြုရေးနှင့် ထိုင်းကုမ္ပဏီများမှ စီမံကိန်းအသစ်များ၌ ထပ်မံရင်းနှီးမြှုပ်နှံရေး တို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် သံလွင်မြစ်ဝှမ်းနှင့် တနင်္သာရီမြစ်ဝှမ်းရှိ ရေအားလျှပ်စစ် စီမံကိန်းများ၊ နိုင်ငံဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းများနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို အကျယ်တဝင့် ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
