(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအသင်း ဆုတံဆိပ် ၅ ခုဆွတ်ခူး၊ နိုင်ငံပေါင်း ၄၅ နိုင်ငံအနက် အဆင့် ၂၄ ရရှိ

အောက်တိုဘာလ ၇ ရက်၊ ၂၀၂၆
ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံက ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၂ ခု စုစုပေါင်း ဆုတံဆိပ် ၅ ခု ဆွတ်ခူးနိုင်ခဲ့ပြီး ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၄၅ နိုင်ငံအနက် အဆင့် ၂၄ နေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ဂျပန်နိုင်ငံ၌ ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲတွင် အားကစားနည်း ၄၃ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး မြန်မာနိုင်ငံက တက်ဂ်ဘော၊ Esports၊ ပိုက်ကျော်ခြင်း၊ ကျွမ်းဘားနှင့် အမျိုးသမီးဘောလုံး စသည့် အားကစားနည်း ၅ မျိုး၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာအသင်းအနေဖြင့် တက်ဂ်ဘောအားကစားနည်းမှ ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခု၊ Esports မှ ရွှေတံဆိပ် ၁ ခုနှင့် ပိုက်ကျော်ခြင်းမှ ကြေးတံဆိပ် ၁ ခုတို့ ရရှိခဲ့ခြင်းဖြစ်သည်။
ယခုရလဒ်သည် မကြာသေးမီက ကျင်းပခဲ့သည့် အာရှအားကစားပြိုင်ပွဲများနှင့် နှိုင်းယှဉ်ပါက မြန်မာအသင်း၏ ဆုတံဆိပ်ရရှိမှု ပိုမိုများပြားလာခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၈) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအသင်းက ကြေးတံဆိပ် ၂ ခု ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၂ ခု ရရှိခဲ့သည်။

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို အောက်တိုဘာ ၄ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် ဂျပန်နိုင်ငံ Nagoya City ရှိ Mizuho Park Athletics Stadium (Paloma Mizuho Stadium) ၌ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ပိတ်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားအဖွဲ့များ စုပေါင်းချီတက်ခြင်း၊ ဂျပန်ရိုးရာယဉ်ကျေးမှု ဖျော်ဖြေမှုများ ပြုလုပ်ခြင်းတို့အပြင် အာရှအားကစားပြိုင်ပွဲအလံနှင့် မီးရှူးတိုင်ကို ၂၀၃၀ ပြည့်နှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကာတာနိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
