Asian Academy Creative Awards 2026 တွင် “အိပ်မက်ကာရန်” Musical ရုပ်ရှင်ဇာတ်ကား National Winner ဆု ၄ ဆု ရရှိ

စက်တင်ဘာလ ၃ ရက်၊ ၂၀၂၆
စင်ကာပူနိုင်ငံ၌ နှစ်စဉ် ကျင်းပသည့် Asian Academy Creative Awards 2026 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဂီတနှင့် ရုပ်ရှင် ပေါင်းစပ်ပုံဖော်ထားသည့် “အိပ်မက်ကာရန်” Musical ရုပ်ရှင်ဇာတ်ကားကြီးက National Winner အဖြစ် ဆု ၄ နေရာ ရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဇာတ်ကားသည် ရက်ဒ်ဒီ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး နီနီခင်ဇော်၏ ဇာတ်လမ်းကို မိုးနီလွင်က ဇာတ်ညွှန်းရေးသားကာ ဒါရိုက်တာ ဝင်းလွင်ထက်နှင့် Music Director အကယ်ဒမီ ဓီရာမိုရ်တို့က တေးသီချင်း ၂၄ ပုဒ်ဖြင့် ပါဝင်ပုံဖော်ထားခြင်း ဖြစ်ပါတယ်။


ဇာတ်ကားတွင် အကယ်ဒမီ နေတိုး၊ လွှမ်းပိုင်၊ နီနီခင်ဇော် တို့အပြင် အနုပညာရှင် မြောက်မြားစွာ ပါဝင်အားဖြည့်ထားကြပြီး၊ ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင်လည်း အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုနှင့် အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုတို့ကို ဆွတ်ခူးထားခဲ့ပါတယ်။ ယခုကဲ့သို့ အာရှအဆင့် ပြိုင်ပွဲတွင် National Winner အဖြစ် ဆု ၄ နေရာ ရရှိခဲ့သည့်အတွက် အဆိုတော် နီနီခင်ဇော် က ပါဝင်ကူညီခဲ့သည့် အဖွဲ့သားများနှင့် အားပေးခဲ့ကြသည့် ပရိသတ်တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိကြောင်း ဝမ်းမြောက်စွာ ပြောကြားခဲ့ပါတယ်။


