အိန္ဒိယတွင် မြန်မာနိုင်ငံသား ချင်းတိုင်းရင်းသားတစ်ဦးအား ကျပ်နှစ်ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ

စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၆
အသက် ၂၀ အရွယ် မြန်မာနိုင်ငံသား ချင်းတိုင်းရင်းသားတစ်ဦးအား အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင်ခရိုင်အတွင်း မက်သ်အဖက်တမင်း ဆေးပြား ၅ ဒသမ ၅ ကီလိုဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်များက စက်တင်ဘာလ ၁၇ ရက်တွင် ပြောကြားခဲ့ပါတယ်။
ဖမ်းဆီးခံရသူမှာ ချင်းပြည်နယ်၊ ဘုခ်ဖီးရ်ရွာမှ ကမ်ကင်ရှန်း ဖြစ်ပြီး စက်တင်ဘာလ ၁၇ ရက်နေ့က ဇိုတေး-ဘူးလ်ဖက်ခ် လမ်းပေါ်တွင် ယစ်မျိုးနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန၊ အာသံရိုင်ဖယ်တပ်ဖွဲ့နှင့် ဗဟိုထောက်လှမ်းရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးအတွင်း မိမိရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ၎င်းထံမှ သိမ်းဆည်းရမိသည့် မက်သ်အဖက်တမင်း ဆေးပြား ၅၀,၅၀၀ ပြားမှာ အိန္ဒိယရူပီး ၄ ဒသမ ၄၀ ကုဋေ (မြန်မာငွေ ကျပ် ၂ ဘီလီယံခန့်) တန်ကြေးရှိကြောင်း သိရပါတယ်။
လက်ရှိတွင် ဖမ်းဆီးရမိသူ ကမ်ကင်ရှန်းအား အိန္ဒိယနိုင်ငံ၏ ၁၉၈၅ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ (NDPS Act) ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါတယ်။
