Mister International 2026 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် Mister Myanmar 2026 ယုဂံ ထိုင်းနိုင်ငံသို့ ထွက်ခွာ

စက်တင်ဘာလ ၁၄ ရက်၊ ၂၀၂၆
ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၁၈) ကြိမ်မြောက် Mister International 2026 ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် Mister Myanmar 2026 ဆုရှင် ယုဂံသည် စက်တင်ဘာလ ၁၂ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ စတင်ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်။


ခရီးမထွက်ခွာမီ Mister Myanmar ယုဂံက “၎င်းအနေဖြင့် ပြည်ပနိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ရခြင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် အကောင်းဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်း၊ အနည်းဆုံး Top-10 အဆင့်အတွင်း ဝင်ရောက်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါတယ်။

အဆိုပါ (၁၈) ကြိမ်မြောက် Mister International 2026 ပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး ဗီယက်နမ်၊ ဂျပန်၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ စပိန်၊ မလေးရှား၊ ပြင်သစ်၊ ကျူးဘား၊ ပနားမားနှင့် အဇာဘိုင်ဂျန် စသည့် နိုင်ငံအသီးသီးမှ ကိုယ်စားပြု အလှမောင်များစွာ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပါတယ်။
