// | DailyBriefNews ဆီးရီးယား၌ လက်နက်ဂိုဒေါင် ပေါက်ကွဲမှုကြောင့် လူ ၁၄ ဦး သေဆုံး -

ဆီးရီးယား၌ လက်နက်ဂိုဒေါင် ပေါက်ကွဲမှုကြောင့် လူ ၁၄ ဦး သေဆုံး

စက်တင်ဘာလ ၁၁ ရက်၊ ၂၀၂၆

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အစ်ဒလစ်ဘ်ပြည်နယ်၊ ဆာမာဒါမြို့အနီးရှိ စစ်ကျန်လက်နက်များ သိုလှောင်ရာ ယာယီဂိုဒေါင်တစ်ခု၌ စက်တင်ဘာလ ၉ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသည် စစ်ပွဲမှ လက်နက်များနှင့် အကြွင်းအကျန်များကို အခြားနေရာသို့ မပို့ဆောင်မီ ယာယီသိမ်းဆည်းထားသည့် နေရာဖြစ်ပြီး ဒဏ်ရာရရှိသူများထဲတွင် ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းအချို့လည်း ပါဝင်ကြောင်း သိရပါတယ်။ ပေါက်ကွဲမှုအပြီး ဒုတိယအကြိမ် ထပ်မံပေါက်ကွဲမှုများနှင့် မီးလောင်ကျွမ်းမှုများ ပေါ်ပေါက်ခဲ့သဖြင့် ကယ်ဆယ်ရေးအဖွဲ့များ၏ တုံ့ပြန်ဆောင်ရွက်မှုကို အနှောင့်အယှက် ဖြစ်ပေါ်စေခဲ့ပြီး အပျက်အစီးများအောက် ပိတ်မိနေသူများကို ကယ်ဆယ်ရေး ဝန်ထမ်းများက အလျင်အမြန် ရှာဖွေလျက်ရှိပါတယ်။

ဆီးရီးယားနိုင်ငံသည် ဘာရှာအာဆတ် ပြုတ်ကျပြီး သမ္မတသစ် အာမက် အယ်လ်ရှာရာ အာဏာရရှိလာခဲ့သော်လည်း ဆယ်စုနှစ်တစ်ခုကျော်ကြာ ပြည်တွင်းစစ်၏ အဆိုးရွားဆုံး ထိခိုက်ခဲ့ရသည့် အစ်ဒလစ်ဘ်ပြည်နယ်အတွင်း စစ်ဘက်လက်နက်ပစ္စည်းများ ကျန်ရှိနေဆဲဖြစ်ပါတယ်။ အာဏာပိုင်များအနေဖြင့် ပေါက်ကွဲရသည့် အကြောင်းအရင်းကို မထုတ်ပြန်သေးဘဲ ယခုဖြစ်စဉ်သည် ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်က ဘင်နစ်ရှ်မြို့တွင် ခဲယမ်းတင်ယာဉ် ပေါက်ကွဲမှုပြီးနောက် ယခုလအတွင်း ဒုတိယအကြိမ်မြောက် သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရပါက အမေရိကန်နိုင်ငံသားတိုင်းအား ဒေါ်လာ ၅,၀၀၀ စီ ပေးမည်ဟု သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် ပြောကြား
Next post BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရုရှားသမ္မတ ပူတင် အိန္ဒိယသို့ ရောက်ရှိ