တပ်မတော်စစ်ကြောင်းများက ကမမောင်း-ဖာပွန် သွားလမ်းကြောင်းအား နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်၊ ဖျက်ဆီးခံခဲ့ရသည့် လမ်း၊ တံတားများအား ပြန်လည်ပြုပြင်တည်ဆောက်

စက်တင်ဘာလ ၉ ရက်၊ ၂၀၂၆
တပ်မတော်စစ်ကြောင်းများသည် KNU၊ KNLA နှင့် PDF ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့် ကမမောင်း-ဖာပွန်သွား လမ်းကြောင်းတစ်လျှောက်အား နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး၊ ဖျက်ဆီးခံခဲ့ရသည့် လမ်း၊ တံတားများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပြန်လည်ပြုပြင်တည်ဆောက်ပေးလျက် ရှိကြောင်း သိရပါတယ်။


၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစတင်၍ အဆိုပါ လမ်းကြောင်းတစ်လျှောက်ရှိ လုံခြုံရေးတပ်စခန်းငယ်များ တိုက်ခိုက်ခံခဲ့ရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်နည်းဗျူဟာမြောက် ယာယီဆုတ်ခွာပေးခဲ့ရပြီးနောက်၊ တပ်မတော်စစ်ကြောင်းများသည် ကမမောင်း-ဖာပွန် လမ်းကြောင်း ပြန်လည်ပွင့်လင်းစေရေးအတွက် ၂၀၂၆ ခုနှစ် မေလ ၅ ရက်မှစ၍ စစ်ကြောင်းများခွဲကာ စစ်ဆင်ရေးများ အဆင့်ဆင့် ဆောင်ရွက်ခဲ့ပါတယ်။ ထိုသို့ ဆောင်ရွက်ခဲ့ရာ ကျောက်ကွင်းလေး၊ ဝက်သိုးခို၊ မီဇိုင်းချောင်းဖျား၊ နေက၊ ရေပူ၊ မိုင် (၄၀)၊ နိုခဲဒို၊ ဘောကျိုထ၊ ကတိုင်တိ၊ ဘောကြို့လယ်၊ ရှမ်းရွာ၊ တောင်သူစု၊ ဖာလုံလေး ကျေးရွာများနှင့် စက်တင်ဘာ ၇ ရက်တွင် ဖာလုံကြီးကျေးရွာတို့အား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပါတယ်။


အဆိုပါ နယ်မြေစိုးမိုးရေး လုပ်ငန်းစဉ်များအတွင်း ထိတွေ့တိုက်ပွဲ ၅၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ယာယီခြေကုပ်စခန်း ၁၁ ခု၊ လက်နက် ၁၅ လက်၊ FPV Drone ၂၄ စီးနှင့် မိုင်း ၂၄၃ လုံးတို့အပါအဝင် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါတယ်။ ထို့ပြင် ဖျက်ဆီးခံခဲ့ရသည့် ရေပူတံတားကို ဇွန်လ ၂၃ ရက်တွင်လည်းကောင်း၊ မိုင် ၄၀ တံတားကို ဇွန်လ ၂၄ ရက်တွင်လည်းကောင်း၊ ကညင်ဒုံတံတားကို ဩဂုတ်လ ၂၄ ရက်တွင်လည်းကောင်း ပြန်လည်ပြုပြင် တည်ဆောက်ပေးခဲ့သဖြင့် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များ ပုံမှန် ပြန်လည်ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ပါတယ်။

လက်ရှိတွင် တပ်မတော်စစ်ကြောင်းများအနေဖြင့် ကျန်ရှိနေသည့် ဖာလုံကြီး-ဖာပွန် လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။


