“ရွှေမြင်းမိုရ် ပြိုမှာစိုးတယ်” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်းအနား ရွှေတိဂုံစေတီတော်၌ ကျင်းပ

စက်တင်ဘာလ ၉ ရက်၊ ၂၀၂၆
စာရေးဆရာကြီး လယ်တွင်းသားစောချစ်၏ အောင်မြင်ထင်ရှားသည့် လုံးချင်းဝတ္ထုကို ပြန်လည်ဆန်းသစ် ပုံဖော်ရိုက်ကူးမည့် “ရွှေမြင်းမိုရ် ပြိုမှာစိုးတယ်” ရုပ်ရှင်ဇာတ်ကားကြီး၏ ကန်တော့ပွဲပေး အခမ်းအနားကို ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေးက စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ကြီး၌ ကျင်းပခဲ့ပါတယ်။

အဆိုပါ ဇာတ်ကားကို လွင်မင်းအံ့က ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ အကယ်ဒမီ ဩရသက ရိုက်ကူးပုံဖော်သွားမည်ဖြစ်ကာ သရုပ်ဆောင်များအဖြစ် နိုင်းနိုင်း၊ ရဲရင့်သော်၊ မေမီကိုကို၊ ပိုးမမှီသာ၊ ဇင်မျိုး၊ အောင်ဇော်မင်း၊ မျိုးမျိုးခိုင်၊ အေးသီတာ၊ နန်းခမ်းဝါ၊ ကလေးသရုပ်ဆောင် နန်းကုဋေစံဦး၊ ကောင်းကင်ကိုကိုနှင့် ပိုးမြတ်ရတနာကျော်တို့အပါအဝင် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမည် ဖြစ်ပါတယ်။

“ရွှေမြင်းမိုရ် ပြိုမှာစိုးတယ်” ဝတ္ထုကို ယခင်က ဒါရိုက်တာ မောင်နှင်းမိုးက အကယ်ဒမီ ကျော်သူ၊ အကယ်ဒမီ ထွန်းထွန်းဝင်း၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ မြတ်ကေသီအောင်တို့ဖြင့် ဗီဒီယိုဇာတ်ကားအဖြစ်လည်းကောင်း၊ ဒါရိုက်တာ မောင်ပြည့်ဝ (ပန်းဝေသီ) က “ပြုံးနေတဲ့လမင်း” အမည်ဖြင့် အကယ်ဒမီ ဒွေး၊ ဇွဲ၊ အကယ်ဒမီ နန္ဒာလှိုင်၊ သဇင်တို့ဖြင့်လည်းကောင်း ရိုက်ကူးခဲ့ဖူးပြီး၊ ယခုအခါ မူလဝတ္ထုအမည်ဖြင့်ပင် ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပြန်လည်ရိုက်ကူးမည်ဖြစ်ကြောင်း သိရပါတယ်။
