ရုရှားနှင့် မြောက်ကိုရီးယားအကြား ပထမဆုံး ကုန်းလမ်းတံတား ဖွင့်လှစ်

စက်တင်ဘာလ ၉ ရက်၊ ၂၀၂၆
ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေး ဆက်ဆံရေးများ ပိုမိုနက်ရှိုင်းလာချိန်တွင် တူမန်မြစ်ကို ဖြတ်ကျော်၍ ဆက်သွယ်ထားသည့် ပထမဆုံး ကုန်းလမ်းတံတားကို စက်တင်ဘာ ၇ ရက်က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တံတားကို မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်အီဆွန်း၏ အသက်ကို ကယ်တင်ခဲ့သူ ဆိုဗီယက်တပ်နီအရာရှိ ယာကော့ဗ် နိုဗီချန်ကို၏ အမည်ကို အစွဲပြု၍ “ယာကော့ဗ် နိုဗီချန်ကို တံတား” ဟု အမည်ပေးထားပြီး၊ ဖွင့်ပွဲအခမ်းအနားသို့ နိုဗီချန်ကို၏ ဆွေမျိုးများလည်း တက်ရောက်ခဲ့ကြပါတယ်။ ယင်းတံတားသည် ၁၉၅၉ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့သည့် ရထားလမ်းတံတား (ချစ်ကြည်ရေးတံတား) အနီးတွင် တည်ရှိပြီး နှစ်နိုင်ငံအကြား ပထမဆုံး ကုန်းလမ်းဆက်သွယ်ရေး လမ်းကြောင်းအဖြစ် အမှတ်အသားပြုခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မြောက်ကိုရီးယား ခရီးစဉ်အတွင်း အဆိုပါ စီမံကိန်းကို သဘောတူညီခဲ့ကြပြီး ၂၀၂၅ ခုနှစ် ဧပြီလတွင် စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများ တိုးချဲ့ခြင်းသည် ကုန်သွယ်ရေး၊ စီးပွားရေး၊ ခရီးသွားလုပ်ငန်း၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အားကောင်းသော တွန်းအားတစ်ခုဖြစ်စေမည်ဟု ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှုတင်က ပြောကြားခဲ့ကြောင်း TASS သတင်းဌာန၏ ဖော်ပြချက်အရ သိရပါတယ်။
