ဂျပန်နိုင်ငံ၌ ကျင်းပမည့် နိုင်ငံတကာ U-17 လူငယ်ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ U-17 အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၆
ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) မှ ကြီးမှူးကျင်းပသည့် (၂၈) ကြိမ်မြောက် 2026 International Youth Football in Niigata နိုင်ငံတကာ လူငယ်ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွင် မြန်မာ U-17 အမျိုးသား လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) မှ သတင်းရရှိပါတယ်။ အဆိုပါ ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ နီဂါတာမြို့၌ စက်တင်ဘာ ၁၅ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် ဂျပန် U-17 အသင်း၊ နီဂါတာ လက်ရွေးစင်အသင်း၊ မြန်မာ U-17 အသင်းနှင့် နယူးဇီလန် U-17 အသင်းတို့ ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်သွားကြမည် ဖြစ်ပါတယ်။
ယခုပြိုင်ပွဲတွင် မြန်မာအသင်းနှင့် ရင်ဆိုင်ရမည့် ဂျပန်နှင့် နယူးဇီလန် အသင်းတို့မှာ လာမည့် နိုဝင်ဘာလ၌ ကာတာနိုင်ငံတွင် ကျင်းပမည့် 2026 FIFA U-17 World Cup ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားသည့် အသင်းများဖြစ်ကြပါတယ်။ မြန်မာ U-17 အသင်းကို ဂျပန်လူမျိုး နည်းပြချုပ် Ryuji Sueoka က ဦးဆောင်မည်ဖြစ်ပြီး အသင်းအုပ်ချုပ်သူအဖြစ် မြန်မာ့လက်ရွေးစင်ဟောင်း ဦးရန်ပိုင်တို့ အပါအဝင် နည်းပြအဖွဲ့ဝင်များက တာဝန်ယူ ဆောင်ရွက်သွားကြမည် ဖြစ်ပါတယ်။
မြန်မာ U-17 အသင်းသည် စက်တင်ဘာ ၁၅ ရက်တွင် နီဂါတာမြို့သို့ ရောက်ရှိမည်ဖြစ်ကာ ပြိုင်ပွဲ ပထမပွဲစဉ်ကို စက်တင်ဘာ ၁၇ ရက်၊ ဒုတိယပွဲစဉ်ကို စက်တင်ဘာ ၁၉ ရက်နှင့် တတိယပွဲစဉ်ကို စက်တင်ဘာ ၂၁ ရက်တို့တွင် အသီးသီး ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။
