မြန်မာ-ထိုင်း နှစ်နိုင်ငံ လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဆွေးနွေး

ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ် Mr. Chatchai Bangchuad တို့သည် ဩဂုတ် ၂၇ ရက် နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံစဉ် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် ထိုင်း-မြန်မာ တပ်မတော်နှစ်ရပ်ကြား အဆင့်မြင့်အရာရှိကြီးများကော်မတီ (HLC) အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ခဲ့မှုနှင့်အတူ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။
ထို့အပြင် နယ်စပ်ကုန်သွယ်ရေး၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု (Online Scam) များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိရောက်စွာ တားဆီးနှိမ်နှင်းနေမှု၊ ယင်းအမှုများတွင် ပါဝင်သူ ၉၉ ရာခိုင်နှုန်းကျော်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများ ဖြစ်သဖြင့် နှစ်နိုင်ငံ အစိုးရနှင့် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းတားဆီးသွားမည့် အစီအစဉ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
တစ်ဆက်တည်းမှာပင် လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု တားဆီးရေး၊ နယ်စပ်နေ ပြည်သူများ လုံခြုံစွာ နေထိုင်နိုင်ရေး၊ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ဖလှယ်ရေးနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ခိုင်မာအောင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
