အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျကာတာတွင် အဂတိလိုက်စားသော အရာရှိများကို သေဒဏ်ပေးရန်နှင့် ပိုင်ဆိုင်မှုများ သိမ်းဆည်းရန် ဆန္ဒပြသူများ တောင်းဆို

ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၆
အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျကာတာရှိ Senayan ဥပဒေပြုရေး အဆောက်အအုံဝင်းအတွင်း သြဂုတ် ၂၇ ရက် နံနက်ပိုင်းက အဖွဲ့အစည်းများစွာ စုဝေးခဲ့ကြပြီး အဂတိလိုက်စားသော အရာရှိများကို သေဒဏ်ပေးရေး၊ ပိုင်ဆိုင်မှုများ သိမ်းဆည်းရေးဆိုင်ရာ ဥပဒေကြမ်းကို အမြန်ဆုံး အတည်ပြုပေးရေးနှင့် အခြေခံကုန်ဈေးနှုန်းများ လျှော့ချပေးရေးတို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

အဆိုပါ ဆန္ဒပြပွဲတွင် ဗဟိုဂျာဗားပြည်နယ်၊ ပတိခရိုင်မှ United Pati People’s Alliance (AMPB) အဖွဲ့မှ ဦးဆောင်၍ မြို့တော်သို့ လာရောက်စုဝေးခဲ့ကြခြင်း ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ဆန္ဒပြသူများပါလာသည့် ဘတ်စ်ကားများကို ရဲတပ်ဖွဲ့က တားဆီးခြင်းနှင့် AMPB ညှိနှိုင်းရေးမှူး၏ ဘဏ်အကောင့်ကို Bank Mandiri မှ ယာယီပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သဖြင့် လူထု၏ ဒေါသထွက်မှုကို ဖြစ်ပေါ်စေခဲ့သော်လည်း မိဘပြည်သူများ၏ အလှူငွေများဖြင့် ဂျကာတာသို့ ဆက်လက် ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူများ တောင်းဆိုထားသည့် ပိုင်ဆိုင်မှု သိမ်းဆည်းခြင်းဆိုင်ရာ ဥပဒေကြမ်းမှာ ၂၀၀၈ ခုနှစ်တည်းက စတင်အဆိုပြုခဲ့သော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ အတည်မပြုနိုင်သေးဘဲ ရွှေ့ဆိုင်းထားခဲ့သည့် ဥပဒေကြမ်းဖြစ်ပါတယ်။ ယင်းဥပဒေမှာ ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်မချမှတ်မီတွင်ပင် တရားမဝင် ပိုင်ဆိုင်မှုများကို နိုင်ငံတော်က သိမ်းဆည်းခွင့် ပြုထားခြင်းဖြစ်သော်လည်း၊ အခြားတစ်ဖက်တွင်လည်း နိုင်ငံရေးပြိုင်ဘက်များကို ပစ်မှတ်ထား ငွေညှစ်သည့် ကိရိယာတစ်ခု ဖြစ်လာနိုင်ကြောင်း နည်းပညာနှင့် ဥပဒေကျွမ်းကျင်သူများက သတိပေးထားကြပါတယ်။
