အယ်လ်ဂျီးရီးယားတွင် အပူလှိုင်းကြောင့် တောမီးလောင်ကျွမ်း၍ လူ ၁၂ ဦး သေဆုံးပြီး ၅၄ ဦး ဒဏ်ရာရ

ဩဂုတ်လ ၂၈ ရက်၊ ၂၀၂၆
အာဖရိကတိုက် မြောက်ပိုင်း၌ အပူလှိုင်း ကျရောက်မှုကြောင့် အယ်လ်ဂျီးရီးယား နိုင်ငံမြောက်ပိုင်းတွင် ဩဂုတ်လ ၂၆ ရက်က တောမီးပြင်းထန်စွာ လောင်ကျွမ်းခဲ့ရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး ၅၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒဏ်ရာရရှိသူများအနက် ၆ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသဖြင့် အထူးကြပ်မတ်ကုသဆောင်၌ ဆေးကုသမှု ခံယူနေရပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ဂျီဂျယ်ပြည်နယ်တွင် ၅ ဦး၊ ဘီဂျေယာပြည်နယ်တွင် ၄ ဦးနှင့် တီဇီကူဇို ပြည်နယ်တွင် ၃ ဦး သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။ ဖြစ်စဉ်ကြောင့် ဘီဂျာယာနှင့် ဂျီဂျယ် ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး၊ မီးခိုးထူထပ်စွာ ထွက်ပေါ်နေသဖြင့် လမ်းသွားလမ်းလာများ စာတိုက်အတွင်း ခိုလှုံခဲ့ရသည့်အပြင် နိုင်ငံအရှေ့ပိုင်းသို့ ဆက်သွယ်ထားသည့် အဓိက အမျိုးသား အဝေးပြေးလမ်းမကြီး သုံးခုကိုလည်း ပိတ်ထားခဲ့ရပါတယ်။
လက်ရှိတွင် အာဏာပိုင်များနှင့် မီးသတ်သမားများက တောမီးလောင်ကျွမ်းမှုပေါင်း ၁၅၀ ကျော်ကို ဆက်လက် ငြှိမ်းသတ်လျက် ရှိပါတယ်။ အယ်လ်ဂျီးရီးယား မြောက်ပိုင်းတွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် နွေရာသီ တောမီးများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ ၂၀၂၃ ခုနှစ် ဇူလိုင်လကလည်း အလားတူ ဖြစ်စဉ်ကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ဖူးပြီး ယခုနှစ် ဇူလိုင်လအတွင်း၌ပင် တစ်နိုင်ငံလုံး မီးလောင်ကျွမ်းမှု အကြိမ် ၂,၀၀၀ နီးပါး ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
