ဗီယက်နမ်၏ နိုင်ငံခြားရေးဝန်ကြီး ဩဂုတ် ၂၆ ရက်တွင် မြန်မာနိုင်ငံသို လာရောက်မည်ဟု ဗီယက်နမ် ထုတ်ပြန်

ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၆
ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး လီဟိုအိုင်ထရန်း (Le Hoai Trung) သည် ဩဂုတ် ၂၆ ရက်(မနက်ဖြန်)တွင် မြန်မာနိုင်ငံသို့ တရားဝင် ခရီးစဉ်အဖြစ် လာရောက်ရန် စီစဉ်ထားကြောင်း ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ယခုခရီးစဉ်သည် ၂၀၂၁ ခုနှစ် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဗီယက်နမ် အဆင့်မြင့်အရာရှိတစ်ဦး၏ ပထမဆုံးသော မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။
ဝန်ကြီး လီဟိုအိုင်ထရန်း သည် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့်အတူ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သွားမည်ဟု ဆိုပါတယ်။ ယခုခရီးစဉ်သည် ဗီယက်နမ်နှင့် မြန်မာတို့ သံအမတ်သစ်များ အပြန်အလှန် လဲလှယ်အပြီး တစ်လအကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။
ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကို အာဆီယံ၏ အရေးပါသော အဖွဲဝင်တစ်ဦးအဖြစ် ရှုမြင်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) သည် အာဆီယံအနေဖြင့် ဆက်လက်ထိတွေ့ဆက်ဆံရန်နှင့် ပံ့ပိုးကူညီရန် အဓိက မူဘောင်ဖြစ်ကြောင်း ပြောကြားထားပါတယ်။
၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာအစိုးရသည် အာဆီယံ၏ သံတမန်ရေးရာ ဝိုင်းပယ်မှုကို ခံထားရသော်လည်း လတ်တလော လများအတွင်း ထိုင်းနှင့် လာအိုတို့က မြန်မာနဲ့ပိုမိုထိတွေ့ဆက်ဆံရန် တွန်းအားပေးခဲ့ကြပြီး သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင်လတွင် လာအိုသို့လည်းကောင်း၊ ဩဂုတ်လတွင် ထိုင်းသို့လည်းကောင်း သွားရောက်ခဲ့ပါတယ်။
