// | DailyBriefNews ထိုင်း-မြန်မာနယ်စပ်သို့ ပြန်ပေးဆွဲရန် ကြိုးပမ်းသည့် ထိုင်းအမျိုးသား ၂ ဦးကို ဖမ်းဆီးရမိ -

ထိုင်း-မြန်မာနယ်စပ်သို့ ပြန်ပေးဆွဲရန် ကြိုးပမ်းသည့် ထိုင်းအမျိုးသား ၂ ဦးကို ဖမ်းဆီးရမိ

ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၆

တရုတ်အမျိုးသမီးတစ်ဦးအား ဘန်ကောက်မြို့မှ တိုက်ခိုက်ဖမ်းဆီး၍ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့သည့် ထိုင်းအမျိုးသား ၂ ဦးကို ကမ်ဖန်ဖက် (Kamphaeng Phet) မြို့၌ ဩဂုတ် ၂၃ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရမိခဲ့ပါတယ်။ ဖြစ်စဉ်တွင် ပါဝင်သူ အခြားသံသယရှိသူ ၂ ဦးမှာမူ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ဩဂုတ် ၂၃ ရက် သန်းခေါင်ယံအချိန်တွင် ကမ်ဖန်ဖက်မြို့၊ ရာချာဒမ်နိုအန် (Ratchadamnoen) လမ်းပေါ်၌ တရုတ်အမျိုးသမီးတစ်ဦး တိုက်ခိုက်ခံရကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ ဒဏ်ရာရရှိထားသည့် အဆိုပါ အမျိုးသမီးကို တွေ့ရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။

အမျိုးသား ၄ ဦးပါ အုပ်စုတစ်စုသည် တရုတ်အမျိုးသမီးအား ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခုမှ မဲဆောက်မြို့သို့ အတင်းအဓမ္မ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပါတယ်။

ကမ်ဖန်ဖက်မြို့အရောက်တွင် လက်ထိပ်တုတ်ခံထားရသည့် အမျိုးသမီးသည် မောင်းနှင်နေသော ကားပေါ်မှ ခုန်ဆင်းထွက်ပြေးကာ အနီးဝန်းကျင်ရှိ ပြည်သူများထံ အကူအညီတောင်းခံခဲ့ပါတယ်။

ရဲတပ်ဖွဲ့က သံသယရှိသူများ မောင်းနှင်သည့် နစ်ဆန်း တီအာနာ (Nissan Teana) ယာဉ်အား လိုက်လံဖမ်းဆီးရာ ကားတာယာပေါက်သွားသဖြင့် အသက် ၄၁ နှစ်အရွယ် ဆွမ်ကီးယက် (Somkiat) နှင့် အသက် ၂၄ နှစ်အရွယ် ကစ်တီပွန် (Kittiporn) တို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

ထွက်ပြေးလွတ်မြောက်သွားသည့် ကျန်သံသယရှိသူ ၂ ဦးအနက် တစ်ဦး၏ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့က ဆက်လက်လိုက်လံ ရှာဖွေနေပါတယ်။ ထို့အပြင် အဆိုပါ တရုတ်အမျိုးသမီးအား မဲဆောက်နယ်စပ်သို့ ခေါ်ဆောင်ရသည့် သီးခြားရည်ရွယ်ချက်ကိုလည်း ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post SCALP ဒုံးကျည်ဆိုင်ရာ လျှို့ဝှက်ချက်များ ထုတ်ပြန်ခွင့်ပြုရန် ဗြိတိန် သဘောတူ
Next post ရုရှားနှင့် ဗြိတိန် ဆက်ဆံရေး တင်းမာမှု မြင့်တက်လာပြီး လန်ဒန်ရှိ ရုရှားသံအမတ်ကြီး လန်ဒန်မှ ထွက်ခွာမည်