ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ မခွဲခြားဘဲ ဝမ်းပျက်ဝမ်းလျှော လူနာများအား လက်ခံကုသရန် ညွှန်ကြား

ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှော ရောဂါလူနာများ ရောက်ရှိလာပါက ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ မခွဲခြားဘဲ လက်ခံကုသမှုများ ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကုသရေးဦးစီးဌာနတို့၏ ညွှန်ကြားချက်အရ ပြင်ဆင်ဆောင်ရွက်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ကုသရေး) ဒေါက်တာမိုးခိုင် က ပြောကြားခဲ့ပါတယ်။
ဩဂုတ် ၉ ရက်မှစ၍ ရန်ကုန်မြို့လယ် လေးမြို့နယ် (လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား) တို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ လူနာ ၁၈၀ ကျော် ရောက်ရှိခဲ့ရာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါပိုးတွေ့သူ ၅၄ ဦး ရှိခဲ့ပါတယ်။ နာတာရှည် ရောဂါအခံရှိသည့် အသက် ၉၂ နှစ်အရွယ် သက်ကြီးလူနာတစ်ဦးလည်း ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။

ရောဂါ ထိန်းချုပ်နိုင်ရန် လမ်းဘေးဆိုင်များ ပိတ်ခိုင်းခြင်း၊ ကလိုရင်းခတ်ခြင်းနှင့် ရောဂါတွေ့ရှိမှု အများဆုံး မြို့နယ်များရှိ စားသောက်ဆိုင်၊ ထမင်းဆိုင်များ၏ ရေနမူနာများကို စစ်ဆေးခြင်းတို့ ဆောင်ရွက်လျက် ရှိပါတယ်။
အသက်သေဆုံးမှု မရှိစေရေးနှင့် အချိန်နှင့်တစ်ပြေးညီ ကုသမှုရရှိစေရေးအတွက် သမားတော်များ၊ သူနာပြုများနှင့် ဓာတ်ခွဲဌာနများ ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး ကုသမှု လုပ်ငန်းလမ်းညွှန်များကိုလည်း ဆေးရုံများသို့ ဖြန့်ဝေထားရှိပြီး ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများအား စိုးရိမ်ပူပန်မှု မဖြစ်ကြဘဲ ရောဂါလက္ခဏာ ခံစားရပါက နီးစပ်ရာ ဆေးရုံ/ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ကုသမှု ခံယူကြရန်နှင့် ရေကျိုချက်သောက်ခြင်း၊ အစားအစာများ ကျက်အောင်ချက်ပြုတ်ခြင်း၊ လက်ကို စင်ကြယ်စွာ ဆေးကြောခြင်းစသည့် တစ်ကိုယ်ရေ သန့်ရှင်းရေး နည်းလမ်းများကို စနစ်တကျ လိုက်နာကြရန် တိုက်တွန်းထားပါတယ်။
