အမေရိကန်သမ္မတ ထရမ့်ပ်အစိုးရအဖွဲ့ တာဝန်ပြန်လည်ထမ်းဆောင်ချိန်မှစတင်၍ ဗီဇာ ၁၇၅,၀၀၀ ကျော် ပယ်ဖျက်ခဲ့

ဩဂုတ်လ ၁၃ ရက်၊ ၂၀၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ် အစိုးရအဖွဲ့ တာဝန်ပြန်လည်ထမ်းဆောင်ချိန်မှစ၍ နိုင်ငံခြားသားများ၏ ဗီဇာပေါင်း ၁၇၅,၀၀၀ ကျော်ကို ပယ်ဖျက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ပယ်ဖျက်မှုနှုန်းသည် ယခင် ဘိုင်ဒင်အစိုးရအဖွဲ့ နောက်ဆုံးနှစ်ထက် ၄ ဆ ပိုမိုမြန်ဆန်သည့် စံချိန်တင် ပမာဏဖြစ်ကြောင်း The Guardian သတင်းစာ၏ လေ့လာဆန်းစစ်ချက်တွင် ဖော်ပြထားပါတယ်။
ဗီဇာပယ်ဖျက်ခံရခြင်းတွင် မူးယစ်ဆေးဝါး၊ မူးယစ်မောင်းနှင်မှု၊ ခိုးမှု စသည့် ပြစ်မှုကျူးလွန်သူများ၊ မွေးဖွားမှုဆိုင်ရာ ကမ္ဘာလှည့်ခရီးသွားများ (birth tourists) အပြင် ချာလီကာ့ခ် (Charlie Kirk) လုပ်ကြံခံရမှုကို အောင်ပွဲခံသည့် စကားများ ပြောဆိုသူများနှင့် ပါလက်စတိုင်းလိုလားသူများ အပါအဝင် နိုင်ငံရေးအယူအဆ ထုတ်ဖော်သူများပါ ပစ်မှတ်ထားခံခဲ့ရတာ ဖြစ်ပါတယ်။ ဝေဖန်သူများကမူ ထိုလုပ်ဆောင်ချက်သည် မရေမရာဖြစ်ပြီး လုပ်ပိုင်ခွင့်ကို အလွန်အကျွံ အသုံးပြုခြင်းဖြစ်ကြောင်း စိုးရိမ်မေးခွန်းထုတ်ထားကြပါတယ်။ ထို့အပြင် ထရမ့်ပ်အစိုးရသည် ယာယီအကာအကွယ်ပေးထားသည့် အဆင့်အတန်း (TPS) ပယ်ဖျက်ခြင်း၊ ဒုက္ခသည်လက်ခံမှု ဆိုင်းငံ့ခြင်းနှင့် မွေးရာပါ နိုင်ငံသားခွင့် ရုပ်သိမ်းရန် ကြိုးပမ်းခြင်း စသည့် တင်းကြပ်သည့် လူဝင်မှုကြီးကြပ်ရေး မူဝါဒများကိုလည်း ဆက်လက် ဖော်ဆောင်လျက် ရှိကြောင်း သိရပါတယ်။
