နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ တရားဝင် ခရီးစဉ် စတင်ထွက်ခွာ

ဩဂုတ်လ ၆ ရက်၊ ၂၀၂၆
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်ရဲ့ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံသို့ တရားဝင် ခရီးစဉ် (Official Visit) သွားရောက်ဖို့အတွက် ဩဂုတ် ၆ ရက် နံနက်ပိုင်းက နေပြည်တော် လေဆိပ်မှတစ်ဆင့် အထူးလေယာဉ်နဲ့ ထွက်ခွာသွားခဲ့ပါတယ်။



လေဆိပ်မှာတော့ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့အပြင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ တာဝန်ရှိသူတွေက လာရောက် ပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။



ဒီခရီးစဉ်အတွင်းမှာ နိုင်ငံတော်သမ္မတဟာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်သွားမှာဖြစ်သလို၊ ထိုင်းနိုင်ငံ အမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနဲ့ တွေ့ဆုံတာ၊ စီးပွားရေး အဖွဲ့အစည်းများနဲ့ စီးပွားရေး ဖိုရမ် တက်ရောက်တာတွေကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။


ခရီးစဉ်အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာလာစေရေးနဲ့ စီးပွားရေး၊ ယဉ်ကျေးမှုအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးတွေကို ဆွေးနွေးသွားမှာ ဖြစ်ပြီး၊ သမ္မတနဲ့အတူ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တပ်မတော် အဆင့်မြင့် အရာရှိကြီးတွေ လိုက်ပါသွားကြကြောင်း သိရပါတယ်။
