ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် ရေကြီးနေသည့် လေးမျက်နှာမြို့နယ်တွင် နေအိမ်များ အားလုံးနီးပါးရေနစ်မြုပ်နေပြီး ရေလျော့ကျသွားခြင်းမရှိသေး

ဩဂုတ်လ ၄ ရက်၊ ၂၀၂၆
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ဇူလိုင် ၃၁ ရက် ညပိုင်းက ငဝန်ရေကာတာ ပေ ၁၀၀ နီးပါး ကျိုးပေါက်ခဲ့တာကြောင့် မြို့နယ်အတွင်းရှိ နေအိမ်တွေ အားလုံးနီးပါး ရေနစ်မြုပ်နေပြီး ဩဂုတ် ၃ ရက် ညနေပိုင်းအထိ ရေပြန်မကျသေးကြောင်း ဒေသခံတွေထံမှ သိရပါတယ်။

မြို့နယ်အတွင်းရှိ အစိုးရရုံးတွေ၊ ရဲစခန်း၊ မီးသတ်စခန်းနဲ့ ကျောင်းတွေ ရေကြီးနစ်မြုပ်နေသလို တစ်ထပ်အိမ်တွေဆိုရင် အိမ်ခေါင်မိုးနဲ့ အိမ်တံစက်မြိတ်အထိ ရေမြုပ်နေတာပါ။ ဒီရေကာတာ ကျိုးပေါက်မှုကြောင့် လူဦးရေ ၁၄,၀၀၀ ကျော် ရေဘေးသင့်ခဲ့ရပြီး လူတစ်ထောင်ကျော်ကို ရေဘေးစခန်းတွေဆီ ရွှေ့ပြောင်းပေးထားရပါတယ်။

လက်ရှိမှာတော့ လေးမျက်နှာမြို့နယ်ထဲကို မော်တော်ကားတွေနဲ့ လုံးဝ ဝင်လို့မရတော့ဘဲ မြို့အဝင် လမ်းမပေါ်မှာ ယာယီကွပ်ကဲရေးရုံးတွေ ဖွင့်ပြီး တပ်မတော်၊ ရဲ၊ မီးသတ်နဲ့ လူမှုကူညီရေးအဖွဲ့တွေက စက်လှေ၊ မော်တော်တွေနဲ့ သွားရောက် ကူညီပေးနေကြရပါတယ်။

ဟင်္သာတ၊ အင်္ဂပူ၊ ထူးကြီး ဒေသခံတွေအပြင် ရန်ကုန်နဲ့ မန္တလေးက လူမှုကူညီရေးအဖွဲ့တွေပါ လာရောက်ကူညီပေးနေကြပေမဲ့ သွားရခက်ခဲတာနဲ့ ရေစီးသန်တာကြောင့် အချို့နေရာတွေကို စားနပ်ရိက္ခာ မရောက်သေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် ကူညီပေးနေတဲ့ အဖွဲ့တွေအတွက် စက်သုံးဆီ ရရှိဖို့ အခက်အခဲအချို့ ရှိနေဆဲ ဖြစ်ပါတယ်။

တိုင်းအစိုးရအဖွဲ့ဘက်က ထောက်ခံစာပါရင် သတ်မှတ်ဆီဆိုင်တွေမှာ ဝယ်ယူနိုင်အောင် စီစဉ်ပေးထားပေမဲ့ ပိုမို ဖြေလျှော့ပေးစေချင်တယ်လို့ ကူညီရေးအဖွဲ့ဝင်တွေက ဆိုပါတယ်။ ရေကာတာ ပြန်လည်ပိတ်ဆို့ရေးကို စက်ယန္တရားတွေနဲ့ အမြန်ဆုံး ဆောင်ရွက်နေသလို၊ ဂြိုဟ်တုဆက်သွယ်ရေးစနစ် (Manpack) နဲ့ Command and Control Center (C3) တို့ကို အသုံးပြုပြီး မြေပြင်အခြေအနေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်ကူညီပေးနေကြောင်းနဲ့ ရေပြန်ကျချိန်မှာ ပြန်လည်ထူထောင်ရေးတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ထုတ်ပြန်ထားပါတယ်။
