ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ပေးဖို့ အကောင်းဆုံးကြိုးစားသွားမယ်လို့ ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်လူ သီအို ဆို

ဇူလိုင် ၁၆၊ ၂၀၂၆
ရန်ကုန်ယူနိုက်တက်အသင်းက (၆) ဦးမြောက် နိုင်ငံခြားသားကစားသမားအဖြစ် ခေါ်ယူထားတဲ့ လိုင်ဘေးရီးယားလက်ရွေးစင်ဟောင်း ကွင်းလယ်လူ သီအိုနင်မလီက ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
သီအိုက”ရန်ကုန်ယူနိုက်တက်အသင်းက ပရိသတ်အင်အားတောင့်တဲ့အသင်းဆိုတာ ကျွန်တော် သိပါတယ်။ အသင်းအပေါ်ထားတဲ့ မျှော်လင့်ချက်တွေကြီးတယ်ဆိုတာလည်း ကျွန်တော်နားလည်ပါတယ်။ ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော် အကောင်းဆုံးကြိုးစားသွားမှာပါ။ အသင်းအပေါ် ယုံကြည်မှုအပြည်နဲ့ ဆက်လက်အားပေးဖို့ကိုလည်း ပြောချင်ပါတယ်။ AFC Challenge League ပြိုင်ပွဲက အရည်အသွေးမြင့်တဲ့ပြိုင်ပွဲဖြစ်လို့ ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်သွားမှာပါ။ ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်မှုအပြည့်ရှိပါတယ်” ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လိုင်ဘေးရီးယားလက်ရွေးစင်ဟောင်း ကွင်းလယ်ခံစစ်ကစားသမား သီအိုနင်မလီကို တစ်ရာသီစာချုပ်နဲ့ ခေါ်ယူထားပါတယ်။ အသက် (၂၇) နှစ်၊ အရပ် (၅) ပေ၊ (၁၁) လက္မရှိ သီအိုဟာ လိုင်ဘေးရီးယားနဲ့ အယ်ဘေးနီးယားကလပ်အသင်းတွေမှာ ကျင်လည်ကစားခဲ့ဖူးသူဖြစ်ပြီး CFA Confederation Cup ပြိုင်ပွဲကစားဖူးတဲ့ အတွေ့အကြုံရှိသူလည်း ဖြစ်ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် ပြည်တွင်းကစား သမားသစ် သုံးဦး၊ ပြည်ပကစားသမားသစ် (၅) ဦး ခေါ်ယူထားပြီး ပြီးခဲ့သည့်ရာသီက အသုံးပြုခဲ့တဲ့ ဂျပန်ကွင်းလယ်ကစားသမား ဆာအီတိုကို သက်တမ်းတိုးထားပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ ကစားသမားသစ်များအဖြစ် ရုရှားတောင်ပံကစားသမား ဒန်နီရယ်၊ ကင်မရွန်းကွင်းလယ် ကစားသမား ဂိုင်းမစ်ချယ်၊ ကင်မရွန်းတိုက်စစ်မှူး မူစတာဖာ၊ ဘရာဇီးနောက်ခံလူ သီယာဂို၊ လိုင်ဘေးရီးယားကွင်းလယ်လု သီအို၊ ပြည်တွင်း ကစားသမားများအဖြစ် မောင်မောင်လွင်၊ ပြည်မိုး၊ ဟိန်းဖြိုးဝင်းတို့ကို ခေါ်ယူထားပါတယ်။
