မော်တော်ယာဉ်ပိုင်ရှင် အမည်ပြောင်း ဆောင်ရွက်မှုအပေါ် အခွန်စိစစ်ခြင်းနှင့် ကျသင့်ငွေများအား Digital Payment ဖြင့် ငွေပေးချေခြင်းကို Online စနစ်ဖြင့် ယနေ့စတင် ဆောင်ရွက်နိုင်ပြီ

မော်တော်ယာဉ်ပိုင်ရှင် အမည်ပြောင်း ဆောင်ရွက်မှုအပေါ် အခွန်စိစစ်ခြင်းနှင့် ကျသင့်ငွေများအား Digital Payment ဖြင့် ငွေပေးချေခြင်းကို Online စနစ်ဖြင့် ဆောင်ရွက်နိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးကြေညာခဲ့ပါတယ်။
အခွန်ထမ်းပြည်သူများအနေဖြင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးဖြစ်သော မော်တော်ယာဉ်များအား လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အမည်ပြောင်း မှတ်ပုံတင်နိုင်ရန် အခွန်စိစစ်သည့် ကိစ္စရပ်များကို ယနေ့ ဇူလိုင်လ (၁၆) ရက်နေ့မှစ၍ Vehicle Automatic Valuation System (VAVS) ဖြင့် ပြောင်းလဲကျင့်သုံး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။
အခွန်ထမ်းပြည်သူများအနေဖြင့် https://vavs.ird.gov.mm ၌ မိမိ၏ ဖုန်းနံပါတ်ကို အသုံးပြု၍ စနစ်အတွင်းသို့ ဝင်ရောက်ပြီး မော်တော်ယာဉ်အမှတ်နှင့် လိုအပ်သော အချက်အလက်များကို ဖြည့်သွင်းပေးခြင်းဖြင့် စနစ်မှ အလိုအလျောက် တန်ဖိုးစိစစ်၍ အခွန်တွက်ချက်ပေးမည်ဖြစ်ကာ Online Payment ဖြင့် ကျသင့်အခွန်ကို ပေးဆောင်နိုင်မည် ဖြစ်ပါတယ်။
အခွန်ပေးဆောင်ခြင်းကို VAVS စနစ်နှင့် ချိတ်ဆက်ထားသော IRD’s Tax Payment Hub မှ တစ်ဆင့် MPU Debit Card ဖြင့်လည်းကောင်း၊ MMQR Code ကို အသုံးပြု၍ KBZ Pay၊ AYA Pay၊ CB Pay၊ uab Pay၊ A plus Wallet၊ Citizen Pay၊ OK$၊ Wave Money၊ Trusty Pay၊ Zego Pay၊ M-Pitesan၊ GTB Pay၊ MoMoney စသည်တို့ဖြင့်လည်းကောင်း၊ uab Bank ၊ Shwe Bank၊ A Bank တို့၏ Mobile Banking စနစ်များဖြင့်လည်းကောင်း ပေးဆောင်နိုင်မည် ဖြစ်ပါတယ်။
အခွန်ပေးဆောင်ပြီးပါက VAVS စနစ်မှ ရရှိသည့် အီလက်ထရောနစ် အခွန်ဆိုင်ရာ စိစစ်ဆောင်ရွက်ပြီးကြောင်း ထောက်ခံချက် (e-Tax Clearance Certificate) QR Form ကို ကြည်လင်ပြတ်သားစွာ ထုတ်ယူ၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မော်တော်ယာဉ် အမည်ပြောင်းကိစ္စကို ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရပါတယ်။
ကနဦးမော်တော်ယာဉ်များ၊ ကုမ္ပဏီအမည်ဖြင့် အမည်ပြောင်း မှတ်ပုံတင်ခြင်းလုပ်ငန်းများ၊ ဝင်ငွေရလမ်း တင်ပြမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မူလဆောင်ရွက်သည့် လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာ ရုံးများတွင် ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက Call Center ဖုန်းနံပါတ် 1515 သို့လည်းကောင်း၊ [email protected] နှင့် [email protected] သို့ အီးမေးလ်ပေးပို့၍ လည်းကောင်း၊ အခွန်ဆိုင်ရာ ဝန်ဆောင်မှုဌာနခွဲ(ရန်ကုန်) (၀၁-၈၃၈၉၃၁၁၊ ၀၁-၈၃၈၉၃၂၂)၊ အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (နေပြည်တော်) (၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃ဝ၅၄၄)၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) (၀၂-၄၀၃၀၆၃၇၊ ၀၂-၄၀၃၀၆၃၈)၊ အီလက်ထရောနစ်ဝန်ဆောင်မှု နည်းပညာဆိုင်ရာ အကူအညီပေးရေးစင်တာ (e-Service Help Desk Center) (၀၁-၈၃၇၈၃၇၁၊ ၀၁-၈၃၇၀၁၉၅၊ ၀၁-၈၃၇၉၀၂၁) နှင့် နီးစပ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံးများ၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ ရုံးချိန်အတွင်း လူကိုယ်တိုင်သွားရောက်၍ လည်းကောင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း အသိပေး ကြေညာထားပါတယ်။
