// | DailyBriefNews အွန်လိုင်းရာဇဝတ်မှုများနှိမ်နှင်းရေးအတွက် မြန်မာနိုင်ငံကအလေးထားဆောင်ရွက်နေမှုကို ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဆွေးနွေးပြောဆို -

အွန်လိုင်းရာဇဝတ်မှုများနှိမ်နှင်းရေးအတွက် မြန်မာနိုင်ငံကအလေးထားဆောင်ရွက်နေမှုကို ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဆွေးနွေးပြောဆို

ဇူလိုင်လ ၁၆ ရက်၊ ၂၀၂၆

အွန်လိုင်းရာဇဝတ်မှုများနှိမ်နှင်းရေးအတွက် မြန်မာနိုင်ငံကအလေးထားဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/သံအမတ်ကြီး ဒေါက်တာခင်သီတာအေးက ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ Museum of Illusions တွင် ဥရောပပါလီမန်အမတ် Mr. Ondřej Dostál နှင့် ဘရပ်ဆဲလ်မြို့တော်ကောင်စီဝင် Mr. Nasir Mohammad တို့ပူးတွဲ၍ ဇူလိုင် ၁၃ ရက်ကကျင်းပသော “နယ်စည်းမခြား ဆိုက်ဘာရာဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှုများတိုက်ဖျက်ရေးအတွက် ဥရောပသမဂ္ဂ–အာရှ ပူးပေါင်းဆောင်ရွက်မှု”ဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ဆွေးနွေးပွဲအား ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ambassador Fei Shengchao နှင့် မြန်မာသံအမတ်ကြီးဒေါက်တာခင်သီတာအေးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။ 

မြန်မာသံအမတ်ကြီးက အွန်လိုင်းရာဇဝတ်မှုများနှိမ်နှင်းရေးအတွက် မြန်မာနိုင်ငံက အလေးထားဆောင်ရွက်နေမှု၊ အွန်လိုင်းရာဇဝတ်မှုများ၏ နယ်စပ်ဖြတ်ကျော်ဖြစ်ပွားသည့် သဘောသဘာဝကြောင့် ပူးပေါင်းဆောင်ရွက်မှုအရေးပါပုံကို 4 Rs ဖြစ်သည့် Reality (လက်ရှိဆိုက်ဘာပတ်ဝန်းကျင်၏ အခြေအနေမှန်ကို နားလည်သိရှိခြင်း)၊ Risks (ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကြိုတင်ဖော်ထုတ်သတ်မှတ်ခြင်း)၊ Response (ညှိနှိုင်းပူးပေါင်းတုံ့ပြန်ဆောင်ရွက်ခြင်း) နှင့် Resilience (လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် လူမှုအသိုက်အဝန်းတို့၏ ကြံ့ခိုင်မှုကိုတည်ဆောက်မြှင့်တင်ခြင်း)တို့အခြေခံ၍ ပူးပေါင်းတုံ့ပြန်မှု၏အရေးပါမှုကို ဆွေးနွေးပြောကြားခဲ့ပါတယ်။

ထို့ပြင် နယ်စပ်ဒေသများ၌ အမြစ်ပြတ်နှိမ်နင်းနိုင်ရေးနှင့် ပြည်တွင်းသို့ပျံ့နှံ့ဝင်ရောက်မှုမရှိစေရေးအတွက် မူဝါဒများချမှတ်ဆောင်ရွက်နေမှု၊ ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သူများကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ဆိုက်ဘာလုံခြုံရေးဥပဒေအပါအဝင် တည်ဆဲဥပဒေများ နှင့်အညီ ထိရောက်စွာအရေးယူလျက်ရှိမှုကိုလည်း ဆွေးနွေးပြောကြားခဲ့ပါတယ်။

ထို့အတူ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအထိ နှစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံနယ်စပ်ဒေသများသို့ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာသည့် နိုင်ငံပေါင်း(၅၂)နိုင်ငံမှ နိုင်ငံခြားသား(၆၈,၀၀၀)ဦးကျော်ကို သက်ဆိုင်ရာနိုင်ငံများသို့ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် စနစ်တကျပြန်လည်လွှဲပြောင်းပေးခဲ့မှု၊ အွန်လိုင်းလိမ်လည်မှုများ၏ အဓိကအခြေစိုက်ရာဒေသများတွင် တရားမဝင်အဆောက်အအုံများစွာကို ဖြိုချပိတ်သိမ်းခဲ့မှုတို့ကိုလည်း ဆွေးနွေးပြောကြားခဲ့ပါတယ်။

ထို့ပြင် မြန်မာသံအမတ်ကြီးက ဥရောပနှင့် အာရှနိုင်ငံများကြား လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများအဖြစ် ဒစ်ဂျစ်တယ်မှုခင်းဆိုင်ရာစုံစမ်းစစ်ဆေးရေး၊ ဆိုက်ဘာမှုခင်းစုံစမ်းစစ်ဆေးရေး၊ ငွေကြေးထောက်လှမ်းရေး၊ စွမ်းရည်မြှင့်တင်ရေးနှင့် သတင်းအချက်အလက်ဖလှယ်ရေးကဏ္ဍများကိုလည်း အကြံပြုဆွေးနွေးပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အိန္ဒိယနိုင်ငံတွင် တရုတ်ပတ်စပို့နှင့်အတူ ဖမ်းဆီးရမိသည့် အမေရိကန်နိုင်ငံသားနှင့် မြန်မာနိုင်ငံအကြား ဆက်နွှယ်မှုကို စုံစမ်းစစ်ဆေးနေ
Next post မော်တော်ယာဉ်ပိုင်ရှင် အမည်ပြောင်း ဆောင်ရွက်မှုအပေါ် အခွန်စိစစ်ခြင်းနှင့် ကျသင့်ငွေများအား Digital Payment  ဖြင့် ငွေပေးချေခြင်းကို Online စနစ်ဖြင့် ယနေ့စတင် ဆောင်ရွက်နိုင်ပြီ