// | DailyBriefNews မလေးရှားနိုင်ငံ ဘာတူပါဟတ်မြို့တွင် မြန်မာနိုင်ငံသား ၁၉ ဦးအပါအဝင် တရားမဝင်ရွှေ့ပြောင်းလုပ်သား ၃၁ ဦး ဖမ်းဆီးခံရ -

မလေးရှားနိုင်ငံ ဘာတူပါဟတ်မြို့တွင် မြန်မာနိုင်ငံသား ၁၉ ဦးအပါအဝင် တရားမဝင်ရွှေ့ပြောင်းလုပ်သား ၃၁ ဦး ဖမ်းဆီးခံရ

ဇူလိုင်လ ၁၀ ရက်၊ ၂၀၂၆

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်၊ ဘာတူပါဟတ်မြို့တွင် ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၈ ရက်) က ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများအတွင်း လူဝင်မှုကြီးကြပ်ရေးဌာနက တရားမဝင် ရွှေ့ပြောင်းလုပ်သား ၃၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရပါတယ်။

“Ops Selera”၊ “Ops Sapu” နှင့် “Ops Kutip” ဟု အမည်ပေးထားသည့် အဆိုပါ စစ်ဆင်ရေးများကို ဘာတူပါဟတ်ခွဲရုံးမှ လူဝင်မှုကြီးကြပ်ရေး အရာရှိများက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။

တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသူများနှင့် ၎င်းတို့ကို ခိုလှုံခွင့်ပေးထားသူများ ရှိ၊ မရှိ စစ်ဆေးရန်အတွက် မွန်းလွဲ ၃ နာရီတွင် စတင်ခဲ့သည့် အဆိုပါ ဝင်ရောက်စီးနင်းမှုများအတွင်း စီးပွားရေးလုပ်ငန်းဆိုင်ရာ နေရာ ၇ ခုကို စစ်ဆေးခဲ့ကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှူး ဒါတွခ် မိုဟာမက် ရုစဒီ မိုဟာမက် ဒါရပ်စ် (Datuk Mohd Rusdi Mohd Darus) က ကြာသပတေးနေ့ (ဇူလိုင် ၉ ရက်) ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါတယ်။

ထောက်လှမ်းရေးသတင်းရယူခြင်းနှင့် စောင့်ကြည့်ခြင်းများအပေါ် အခြေခံ၍ စားသောက်ဆိုင် ၅ ဆိုင်နှင့် ဆိုင်ခန်းတွဲ ၂ ခုတို့ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုပါတယ်။

“ကျွန်တော်တို့ဟာ ဘာတူပါဟတ်ဒေသတွင်းမှာ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို ပြောင်ပြောင်တင်းတင်း ဆက်လက်ငှားရမ်းနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု မစ္စတာ ရုစဒီက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံရသူများမှာ အသက် ၂၁ နှစ်မှ ၄၈ နှစ်အတွင်းရှိ ဘင်္ဂလားဒေ့ရှ် အမျိုးသား ၂ ဦး၊ မြန်မာအမျိုးသား ၁၆ ဦး၊ အင်ဒိုနီးရှား အမျိုးသား ၇ ဦး၊ အင်ဒိုနီးရှား အမျိုးသမီး ၃ ဦးနှင့် မြန်မာအမျိုးသမီး ၃ ဦး (စုစုပေါင်း မြန်မာနိုင်ငံသား ၁၉ ဦး) တို့ ဖြစ်ကြပါတယ်။

“သူတို့ဟာ စစ်ဆေးခံခဲ့ရတဲ့ အဆိုပါ ဆိုင်ခန်း ၇ ခုမှာ အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ပြီး အဲဒီနေရာတွေမှာပဲ အတူတကွ နေထိုင်ကြတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုထားပါတယ်။

ဖမ်းဆီးခံထားရသူများကို ၁၉၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းများ၏ စည်းမျဉ်း ၃၉(ခ) အပြင်၊ ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၆(၁)(ဂ) နှင့် ၁၅(၁)(ဂ) တို့အရ ပြစ်မှုများဖြင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

၎င်းတို့ကို ပွန်တီယန် (Pontian) ရှိ ပီကန်နာနတ်စ် (Pekan Nanas) ထိန်းသိမ်းရေးစင်တာတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး၊ စုံစမ်းစစ်ဆေးမှုများတွင် ကူညီပေးနိုင်ရန်အတွက် သက်သေအဖြစ် လာရောက်ထွက်ဆိုရန် သမ္မန်စာ (Notice of Summons) ၆ စောင်ကိုလည်း သက်ဆိုင်သူများထံ ထုတ်ပြန်ထားကြောင်း မစ္စတာ ရုစဒီက ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post SUV မော်ဒယ်ကားသစ် ‘Sky Nomad’ ကို Xaiomi မိတ်ဆက်ခဲ့ပြီး ခရီးဝေးမောင်းဘက်ထရီနည်းပညာဖြင့် EV ပြိုင်ပွဲအတွက် ပြင်ဆင်နေ
Next post မြန်မာ့လက်ရွေးစင် အမျိုးသားအသင်း နည်းပြချုပ်သစ် ယွန် အန်ဒါဆင်နှင့် စာချုပ်ချုပ်ဆိုလိုက်ပြီ