EV ကားများကို ပြည်တွင်း၌အစအဆုံးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

ဇူလိုင် ၈၊ ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယမန်နေ့ ဇူလိုင် ၇ ရက်ကပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ EV ကားများကို ပြည်တွင်း၌ပင် အစအဆုံးထုတ်လုပ်နိုင်ရေးဆောင်ရွက်ရန် ပြောကြားခဲ့ပါတယ်။

EV ကားများကို ပြည်ပမှတင်သွင်းခြင်းအစား ပြည်တွင်းမှာ အစအဆုံးအလုံးစုံတပ်ဆင်ထုတ်လုပ်ပါက အလုပ်အကိုင်အခွင့်အလမ်းများနဲ့ နည်းပညာများရရှိနိုင်မယ့်အပြင် ပြည်သူများကုန်ကျစရိတ်သက်သာစွာဖြင့် အရေအတွက်များများသုံးစွဲသွားနိုင်မည်ဖြစ်ကာ အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားစေရေးအတွက် ပြည်ပမှတင်သွင်းရန်မလိုတဲ့ ကျောက်မီးသွေးကိုအသုံးပြုကာ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းတို့ကိုဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒါ့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနတွေ တိုင်းနဲ့ ပြည်နယ်တွေအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့လိုပါတယ်။ သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ဖို့အတွက် မီးရထားခရီးစဉ်တွေပိုမိုတိုးချဲ့ပြေးဆွဲတာ၊ ရထားလမ်းတွေနဲ့ မီးရထားတွေအဆင့်မြှင့်တင်တာတွေကို နိုင်ငံတော်ကဆောင်ရွက်ပေးနေပါတယ်” လို့ နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ကိုက်ညီတဲ့ ဘတ္ထရီစနစ်သုံးရထားစက်ခေါင်းများကိုတပ်ဆင်ထုတ်လုပ်အသုံးပြုလျက်ရှိပြီး ထပ်မံပြီး ပိုမိုတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကာ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ပြည်ပမှစက်သုံးဆီတင်သွင်းနေရမှုများကို အထိုက်အလျောက်လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံစီးပွား တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှအထောက်အကူပြုမယ်လို့ နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။
