// | DailyBriefNews ထိုင်းနိုင်ငံတွင် သီချင်းကျယ်လောင်စွာဖွင့်ပြီး အုပ်စုဖွဲ့ အရက်သောက်နေကြသည့်မြန်မာနိုင်ငံသားများ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ၃ ဦး သေဆုံး -

ထိုင်းနိုင်ငံတွင် သီချင်းကျယ်လောင်စွာဖွင့်ပြီး အုပ်စုဖွဲ့ အရက်သောက်နေကြသည့်မြန်မာနိုင်ငံသားများ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ၃ ဦး သေဆုံး

ဇွန်လ ၂၉ ရက်၊ ၂၀၂၆

ထိုင်းနိုင်ငံတွင် သီချင်းကျယ်လောင်စွာဖွင့်ပြီး အုပ်စုဖွဲ့အရက်သောက်နေကြသည့်မြန်မာနိုင်ငံသားများ သေနတ်ဖြင့် ပစ်ခံရသဖြင့် ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရပါတယ်။

ဇွန်လ ၂၇ ရက် ည ၁၁ နာရီ ခွဲခန့်အချိန်က ထိုင်းနိုင်ငံ၊ ချာချောင်းစောင်ဝ်ခရိုင်၊ ဖနွန်စာရခမ် (Phanom Sarakham) မြို့နယ်၊ ကော့ခနွန်ကျေးရွာအုပ်စုရှိ နောင်နမ်ဒမ်ကျေးရွာအနီး ကွင်းပြင်တစ်ခုတွင် မြန်မာနိုင်ငံသား ၂၀ ဦးခန့်က သီချင်းကျယ်လောင်စွာဖွင့်ပြီး အရက်သောက်နေကြစဉ် အနီးပတ်ဝန်းကျင် အနှောင့်အယှက်မဖြစ်စေရေးအတွက် ကျေးရွာလုံခြုံရေးအဖွဲ့ဝင် ထိုင်းနိုင်ငံသား ၂ ဦးက သွားရောက်သတိပေးရာမှ အပြန်အလှန် စကားများ ခိုက်ရန်ဖြစ်ပွားခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါတယ်။

ခိုက်ရန်ဖြစ်ပွားစဉ်အသက် ၂၄ နှစ်အရွယ်ရှိ ထိုင်းကျေးရွာလုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ၎င်းကိုင်ဆောင်ထားသည့် သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သဖြင့် မြန်မာလုပ်သား ၃ ဦးမှာ သေနတ်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြထားပါတယ်။

ယင်းအပြင် ထိုင်းလုံခြုံရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ မစ္စတာ ပီချိုင် (Pichai Daphantha) ဆိုသူလည်း ပုလင်းဖြင့် ဦးခေါင်းအရိုက်ခံရကာ ဓားဒဏ်ရာများပါ ပြင်းထန်စွာရရှိခဲ့သဖြင့် ဖနွန်စာရခမ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသထားရနေရကြောင်း သိရပါတယ်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ထိုင်းကျေးရွာလုံခြုံရေးအဖွဲ့ဝင်၏ ကနဦး ထွက်ဆိုချက်အရ ၎င်းတို့က သီချင်းသံလျှော့ရန် သွားရောက်ပြောဆိုရာတွင် မြန်မာလုပ်သားများက မကျေနပ်ဘဲ ၎င်း၏သူငယ်ချင်းကို ဝိုင်းဝန်းထိုးကြိတ်ကာ ပုလင်းဖြင့် ရိုက်ခဲ့ကြောင်း၊ ဓားကိုင်ဆောင်ထားသည့် မြန်မာလုပ်သား ၁၀ ဦးခန့်က ၎င်းတို့နှစ်ဦးကို ဝိုင်းဝန်းတိုက်ခိုက်လာသဖြင့် ကာကွယ်သည့်အနေဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြထားကြသည်။

အခင်းဖြစ်ပွားရာနေရာကို ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ရာ သေနတ် ၁ လက်၊ ၉ မမ ကျည်ခွံ ၁၆ ခုထက်မနည်းနှင့် ဓားအချို့ကို သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်း၊ သေဆုံးသွားသည့် မြန်မာလုပ်သား ၃ ဦး၏ ကိုယ်ရေးအချက်အထားများကို အတည်ပြုနိုင်ရန်အတွက် ဖနွန်စာရခမ်ရဲစခန်းမှ တာဝန်ရှိသူများနှင့် မှုခင်းဆရာဝန်များက အသေးစိတ် စိစစ်လျက်ရှိကြောင်း သိရပါတယ်။

တာဝန်ရှိသူများအနေဖြင့် အမှုမှန်ပေါ်ပေါက်စေရေးအတွက် ခိုက်ရန်ဖြစ်ပွားမှုတွင် ပါဝင်ခဲ့သူများ၊ မျက်မြင်သက်သေများနှင့် သေနတ်ပစ်ခတ်ခဲ့သူ၏ ထွက်ဆိုချက်များကိုဆက်လက်စစ်ဆေးနေပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကမ္ဘာ့အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများနေ့ (World MSME Day) အထိမ်းအမှတ်အခမ်းအနားကျင်းပ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
Next post မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၃) ဒီနေ့ စမယ်