တရုတ်ဖိတ်၍ ဟွန်ဆန် ပေကျင်း ရောက်

ဇွန်လ ၂၆ ရက်၊ ၂၀၂၆
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း၊ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့သို ၃ ရက်ကြာခရီးစဉ်အဖြစ် မနေ့က ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ပေကျင်းလေဆိပ်၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံခြားရေး၊ ဆက်ဆံရေး ဌာနကြီးမှူး H.E. Liu Haixing၊ ဒု ဌာနကြီးမှူး H.E. Chen Zhou နှင့် တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Seung Rathjawi တို့က ကြိုဆိုခဲ့ကြောင်း သိရပါတယ်။
ဟွန်ဆန်နှင့်အတူ ကမ္ဘောဒီးယားဘုရင်၏ ကိုယ်ရေးအကြံပေးနှင့် ပါတီဒုဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားဥပဒေပြုရေးအဖွဲနှင့် အစိုးရအဖွဲမှ ထိပ်တန်းခေါင်းဆောင်များ လိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။

ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် နယ်ပယ်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ ကမ္ဘောဒီးယား-တရုတ်အသိုက်အဝန်း တည်ဆောက်ရေးကို ရည်ရွယ်ကြောင်းလည်း ဟွန်ဆန်၏ လူမှုကွန်ရက်တွင် ဖော်ပြထားပါတယ်။
တရုတ်သည် ၎င်း၏ မဟာမိတ်နိုင်ငံများကို နိုင်ငံတွင်း ဖိတ်ခေါ်လျက်ရှိရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည်လည်း ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်ထိ တရုတ်သမ္မတရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့ပါတယ်။
နယ်စပ်ဘုရားကျောင်းပိုင်ဆိုင်မှုအငြင်းပွားရာမှစ၍ ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်တွင် စစ်ရေးတင်းမာမှုများလည်း ရှိနေပါတယ်။
ယခုခရီးစဉ်ဟာ တရုတ်၏ဒေသတွင်း ဩဇာလွမ်းမိုးနိုင်ရန် သံတမန်ခရီးစဉ်ဖြစ်နိုင်ပါတယ်။

