မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၂) အပြီး ဧရာဝတီအသင်း ဆက်လက်ဦးဆောင်

ဇွန် ၂၅၊ ၂၀၂၆
၂၀၂၆- ၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၂) အပြီးမှာ လက်ရှိချန်ပီယံ ဧရာဝတီအသင်းကပဲ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေပါတယ်။
ပွဲစဥ် (၂) ကို ပြီးခဲ့တဲ့ဇွန် (၂၂၊ ၂၃၊ ၂၄) ရက်များက ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပွဲစဥ် (၂) မှာ ဧရာဝတီအသင်းက Young Lionesses အသင်းကို (၃-၀) ဂိုး၊ ISPE အသင်းက ဇွဲကပင်ယူနိုက်တက်အသင်းကို (၃-၀) ဂိုး၊ ရန်ကုန်ယူနိုက်တက်အသင်းက မြဝတီအသင်းကို (၂-၁) ဂိုး၊ ရတနာပုံအသင်းက ရန်ကုန်စီးတီးအသင်းကို (၆-၀) ဂိုးတို့နဲ့ အနိုင်ရခဲ့ပြီး သစ္စာအားမာန်အသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းတို့က (၁-၁) ဂိုးစီ သရေကျခဲ့ပါတယ်။
ပွဲစဥ် (၂)အပြီးမှာ ဧရာဝတီအသင်း၊ ISPE အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့က (၂) ပွဲကစား၊ (၂) ပွဲနိုင်၊ ရမှတ် (၆) မှတ်စီ ရရှိနေကြပေမဲ့ ဧရာဝတီအသင်းက ဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေတာဖြစ်ပါတယ်။

ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်မယ့်အသင်းဟာ ယခင်နှစ်ပြိုင်ပွဲချန်ပီယံဆုကြေးရဲ့ (၂) ဆဖြစ်တဲ့ ကျပ်သိန်း (၁၀၀၀) ရရှိမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် Official Partnership Signing Ceremony ကို ပြီးခဲ့တဲ့ဇွန် (၁၁) ရက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲမယ့်အသင်းအတွက် ချန်ပီယံဆုကြေးအပါအဝင် ပြိုင်ပွဲဝင်အသင်းအားလုံးအတွက် ရရှိမယ့်ဆုကြေးတွေကို တရားဝင်ထုတ်ပြန်ပေးခဲ့တာဖြစ်ပါတယ်။
MFF ဟာ ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် အသင်း (၁၀) သင်းစလုံးကို ရပ်တည်မှုအဆင့်အလိုက် ဆုကြေးငွေများပေးအပ်ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။
