ဂျပန်နိုင်ငံ၌ ကျင်းပမည့် အကြိမ် (၂၀) မြောက် အာရှအားကစားပွဲတော်သို့ မြန်မာ့လက်ရွေးစင် Esports အားကစားအသင်း(Team Zanaka) ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိ

ဇွန်လ ၂၅ ရက်၊ ၂၀၂၆
ဂျပန်နိုင်ငံမှာ ကျင်းပမည့် အကြိမ် (၂၀) မြောက် အာရှအားကစားပွဲတော်သို့ မြန်မာ့လက်ရွေးစင် Esports အားကစားအသင်း(Team Zanaka) ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်း သိရပါတယ်။
ဇွန် ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲအကြို ဒေသတွင်းခြေစစ်ပွဲများ (20th Asian Games Aichi-Nagoya 2026 Regional Quali-fiers)တွင် မြန်မာနိုင်ငံ အီလက်ထရောနစ်အားကစားအဖွဲ့ချုပ်(MESF)၏ ကြီးကြပ်မှုဖြင့် မြန်မာ့လက်ရွေးစင် Esports အသင်း (Team Zanaka)သည် အာရှထိပ်သီးအင်အားကြီးနိုင်ငံများကို ရင်ဆိုင်ကျော်ဖြတ်ကာ အာရှအားကစားပွဲတော်သို့ တက်ရောက်ခွင့်ရရှိခဲ့ပြီး ပြိုင်ပွဲဝင်ကစားနည်း ငါးခုစလုံးတွင် ဝင်ရောက်ခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။
မြန်မာ့လက်ရွေးစင် Esports အသင်း (Team Zanaka) ဝင်ရောက်ခွင့်ရရှိခဲ့သည့် Esports ကစားနည်းငါးမျိုးမှာ Honor of Kings (HOK), PUBG Mobile (PUBGM)၊ Mobile Legends: Bang Bang (MLBB), eFootball Mobile, eFootball Console တို့ဖြစ်ကြောင်း သိရပါတယ်။
အကြိမ် (၂၀)မြောက် အာရှအားကစားပြိုင်ပွဲကြီးကို ဂျပန်နိုင်ငံ၊ အိုက်ချီ-နာဂိုယာမြို့ (Aichi-Nagoya, Japan)တွင် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး Esports ကစားနည်း ၁၁ မျိုးအတွက် ရွှေ၊ ငွေ၊ ကြေး ၁၁ ခုစီဖြင့် စုစုပေါင်း ဆုတံဆိပ် ၃၃ ခု ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ် (MESF) အနေဖြင့် လာမည့်အာရှအားကစားပွဲတော်ကြီးတွင် သမိုင်းဝင်ဆုတံဆိပ်များဆွတ်ခူးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ကစားသမားများ၏ နည်းဗျူဟာပိုင်း၊ ကြံ့ခိုင်မှုပိုင်းနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာများကို အမြင့်ဆုံးအဆင့်သို့ ရောက်ရှိအဆင်သင့်ဖြစ်စေရန်အတွက် Intense National Bootcamp/Camp ကို အမြန်ဆုံး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
