အနုပညာလောကကို အပြီးတိုင် စွန့်ခွာသွားပြီဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ” ညောင်ညောင် “
ဝါရင့် လူရွှင်တော်၊ ဟာသ သရုပ်ဆောင် ညောင်ညောင် ဒီဇင်ဘာ ၁၇ ရက်နေ့ ၊ ည ၇ နာရီ ၁၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ အနုပညာရှင် အသိုင်းအဝိုင်းက သိရပါတယ်။ လူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင်ဟာ ရန်ကုန် ၊ မြောက်ဥက္ကလာပမြို့နယ်ရှိ OSC ဆေးရုံမှာ ဆေးကုသမှု ခံယူနေရင်း ကွယ်လွန်သွားတာ ဖြစ်ကြောင်း ၊ကွယ်လွန်ချိန်မှာ အသက် ၆၂ နှစ်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ် ။

လူရွှင်တော်၊ သရုပ်ဆောင် ညောင်ညောင် ကွယ်လွန်ကြောင်းနဲ့ပတ်သက်ပြီး သရုပ်ဆောင် လွင်မိုးက သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ ရေးသားထားပါတယ်။ ” ကိုညီရေ ဒီတခါတော့ တကယ်နှုတ်ဆက်သွားပြီပေါ့ ။ သံသရာတကွေ့. ပြန်တွေ့ကြရအောင်ဗျာ ။ ” ဆိုပြီး ရေးသားထားပါတယ်။
အလားတူ အနုပညာရှင် တွေကလည်း သရုပ်ဆောင် ညောင်ညောင် ကွယ်လွန်တဲ့အပေါ် ဝမ်းနည်းကြောင်း စိတ်မကောင်း ဖြစ်ကြောင်း ထုတ်ဖော်ရေးသား နေကြပါတယ်။ သရုပ်ဆောင် ညောင်ညောင်ဟာ အသည်းရောဂါကြောင့် လနဲချီကြာမြင့်တဲ့အထိ ဆေးရုံတက်ကုသမှု ခံယူပြီးနောက် မကြာသေးခင်ကမှ ဆေးရုံကနေ ဆင်းလာပြီး အနုပညာလှုပ်ရှားမှုတွေ ပြန်လုပ်နေရင်း ယခုကွယ်လွန်သွားတာ ဖြစ်ပါတယ်။

ညောင်ညောင် နောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားက ” ဂေါင်းကြီးတို့ ပြန်လာပြီ ၂ ” ဇာတ်ကားဖြစ်တယ်လို့ သိရပါတယ်။ဟာသ သရုပ်ဆောင် ညောင်ညောင်ဟာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်း များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို လူရွှင်တော်အဖြစ်လည်း လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ် ။
