နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့မှ သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲကို အလှူငွေကျပ်သိန်း (၁၀၀)လှူဒါန်း
မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၅)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှ အလှူငွေကျပ်သိန်း (၁ဝဝ)လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့လှူဒါန်းသည့် အလှူငွေကျပ်သိန်း(၁၀၀)အား ပြန်ကြားရေးဝန်ကြီး ဌာန ဒု-ဝန်ကြီး ဦးရဲတင့်မှ နိုင်ငံတော်ယာယီသမ္မတ (ကိုယ်စား)ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်က လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာနမှ အလှူငွေကျပ်သိန်း (၃၀)၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အလှူငွေကျပ်(၁၅၆) သိန်း၊ ရန်ကုန်တိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလှူငွေကျပ်(၁ဝ)သိန်းနှင့် အလှူရှင်များကအလှူငွေများပေးအပ်လှူဒါန်းခဲ့ကြပြီးနောက် ကန်တော့ခံသက်ကြီးဂီတပညာရှင်ကြီး(၁၅၆)ဦးအားကန်တော့ပစ္စည်းများ၊ ဂါရဝပြုဂုဏ်ပြုငွေများနှင့်အတူ ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နံနက်ပိုင်းက ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံစာရေးဆရာအသင်း၏ ၁၃၈၇ ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲသို့လည်း ငွေကျပ် (၁၄၅)သိန်းကျော်တန်ဖိုးရှိ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများကို ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ငွေကျပ်(၁၄၅)သိန်းကျော်တန်ဖိုးရှိ အင်္ကျီ၊ ပုဆိုး၊ လက်ဆွဲအိတ်၊ ခြုံပုဝါနှင့် ပါတိတ်လုံချည်တို့ကို နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့ကိုယ်စား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
