
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ယာယီသမ္မတ တက်ရောက် အမှာစကားပြောကြားပြီး ဆုများချီးမြှင့်ပေး
(၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမ္မာန် သဘင်ဆောင်ခန်းမတွင် ကျင်းပရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဆုများချီးမြှင့်ပေးသည်။
ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီးနောက် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာနှင့် ကျေးလက်ရိုးရာယဉ်ကျေးမှုအဖွဲ့ ၁၄ ဖွဲ့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ရိုးရာအကအဖွဲ့က ထားဝယ်ရိုးအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီးနောက် အဆိုပြိုင်ပွဲ ခေတ်ဟောင်းတေးကာလပေါ်အခြေခံ အသက် ၁၅ နှစ်မှ အသက် ၂၀ အတွင်းအဆင့်မှ ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးမှ မမိုးမြင့်စံက ဖျော်ဖြေတင်ဆက်ခဲ့သည်။

ဆက်လက်၍ အကပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့် အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု မောင်စိုင်းဝဏ္ဏစောက ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီးနောက် အရေးပြိုင်ပွဲအဆင့်မြင့်ပညာ အသက် ၁၅ နှစ်မှ အသက် ၂၀ အတွင်းမှ ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးမှ မောင်ဟိန်းရာဇာဖြိုး ရေးစပ်ထားသည့် တေးသီချင်းဖြင့် သီဆိုဖျော်ဖြေသည်။



ယင်းနောက် အတီးပြိုင်ပွဲ ပတ္တလားပြိုင်ပွဲ အခြေခံပညာ အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မွန်ပြည်နယ်မှ မဇူးဇူးစံက တီးခတ်ဖျော်ဖြေတင်ဆက်ခဲ့သည်။ ဆုချီးမြှင့်ပွဲ အခမ်းအနားအပြီးတွင် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခမ်းအနား တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။