
မြန်မာနိုင်ငံတော် ယာယီသမ္မတ ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်တက်ရောက်ရန် ရုရှားနိုင်ငံသမ္မတ၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ထွက်ခွာ
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ မော်စကိုမြို့တွင်ကျင်းပမည့် ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်တက်ရောက်ရန် အလုပ်သဘောခရီးစဥ်အဖြစ် ယနေ့ စက်တင်ဘာ ၂၄ ရက်နံနက်ပိုင်းက နေပြည်တော်လေဆိပ်မှ အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။

ခရီးစဥ်အတွင်း၌ မြန်မာနိုင်ငံတော် ယာယီသမ္မတသည် ရုရှားနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်အပါအဝင် ရုရှားနိုင်ငံမှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်မည်ဖြစ်၍ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ရုရှားနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်တိုသည် တရုတ်နိုင်ငံတွင်ကျင်းပသည့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတွင်လည်းတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံတော် ယာယီသမ္မတသည် ပြီးခဲ့သည့် မေလ (၉) ရက်နေ့ကလည်း ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ မော်စကိုမြိုတွင်ကျင်းပသည့် ၁၉၄၁ – ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားကိုတက်ရောက်ခဲ့ပြီး အခမ်းအနားတက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း သီးခြားစီတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
အဆိုပါ ခရီးစဥ်အတွင်း၌လည်း မြန်မာနိုင်ငံတော် ယာယီသမ္မတသည် နှစ်နိုင်ငံအစိုးရနှင့်ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံဖြိုးတိုးတက်ရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံပိုင် အနျူမြူစွမ်းအင် ကော်ပိုရေးရှင်း Rosatom အဖွဲအစည်းတို ပူးပေါင်းတည်ဆောက်ခဲ့သည့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာအား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်မှ ရန်ကုန်မြို့တွင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။
အဆိုပါ စင်တာအား ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုပြီး ပညာရေး၊ ကျန်းမာရေး၊ စက်မှုဖွံဖြိုးတိုးတက်ရေး၊ စွမ်းအင်ဆိုင်ရာနှင့် နိုင်ငံတော်ဘက်စုံဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍပေါင်းစုံတွင် ကောင်းမွန်စွာ အသုံးချနိုင်သည့် အသိအမြင်များကို ပြည်သူများ လေ့လာသိရှိလာနိုင်မည် ဖြစ်သည်။