
ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲမှာ မြန်မာကလေးငယ်အဖွဲ့က AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကားနဲ့ ပထမဆုရ

စက်တင်ဘာလ ၂၃ ရက်
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ စက်တင်ဘာ ၁၈ ရက်ကနေ စက်တင်ဘာ ၂၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ်ပြိုင်ပွဲ (World Robot Olympiad Asia Pacific Open Championship) ပွဲမှာ အသက် ၁၁ နှစ်နဲ့ ၁၂ နှစ်အရွယ်သာရှိသေးတဲ့ မြန်မာကလေးငယ်သုံးဦးပါဝင်တဲ့ We Are Genius MYANMAR အသင်းက ပထမဆု ရရှိခဲ့တယ်လို့ သိရပါတယ်။

ပွဲစဉ်အမျိုးအစား လေးခုခွဲပြီးကျင်းပခဲ့တဲ့ အဲဒီ ကမ္ဘာ့စက်ရုပ်အိုလံပစ် အာရှပစိဖိတ် ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၂၄ နိုင်ငံက အဖွဲ့ ပေါင်း ၁၀၈ ဖွဲပါဝင်ယှဉ်ပြိုင်ကြတာဖြစ်ပြီး မြန်မာကလေးငယ်တွေကတော့ အနာဂတ်ဆန်းသစ်တီထွင်သူပြိုင်ပွဲ (Future Innovator) ပွဲ အငယ်တန်းပွဲစဉ်မှာ AI အသုံးပြု ရှာဖွေကယ်ဆယ်ရေး စက်ရုပ်ကား (AI-Powered Search and Rescue Robotic Car) နဲ့ ပထမဆုရရှိခဲ့တာပါ။

Future Innovator အငယ်တန်းပွဲစဥ်မှာ ဟောင်ကောင်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဂျာမနီ၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မကာအိုစတဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံတို့က ဝင်ရောက်ခဲ့ကြတာဖြစ်ပြီး We Are Genius MYANMAR ရဲ့ ကလေးငယ်တွေဖြစ်တဲ့ မိုးပြည့်စုံကျော် (၁၁ နှစ်)၊ ကျော်ဘုန်းခန့်ဇော် (၁၁ နှစ်)နှင့် ဉာဏ်ကိုး (၁၂)နှစ်တို့ဟာ AI နဲ့ နည်းပညာကဏ္ဍမှာ ရှေ့တန်းရောက်နေတဲ့ တရုတ်နဲ့ ကိုရီးယားတိုကိုကျော်ဖြတ်ပြီး ပထမဆုကို ရရှိခဲ့ကြတာလည်းဖြစ်ပါတယ်။

Future Innovator ပွဲစဥ်ရဲ့ အဓိကသတ်မှတ်ချက်က တကယ့်လက်တွေ့ဘဝမှာ စိန်ခေါ်မှုဖြစ်နေတဲ့ အကြောင်းအရာတွေကို ဖြေရှင်းနိုင်တဲ့ စက်ရုပ်တွေကိုသာ တီထွင်ထုတ်လုပ်ရမှာဖြစ်ပြီး မြန်မာကလေးငယ်တွေရဲ့ စက်ရုပ်ကားဟာ ငလျင်ဘေးအပါအဝင် သဘာဝဘေးဒဏ်အန္တရာယ်ကျရောက်တဲ့နေရာဒေသ အခြေအနေတွေမှာ လူဝင်ရောက်ဖို ခက်ခဲတဲ့ အပျက်အစီးအကျိုအကြားတွေကြား အလိုအလျောက်သွားလာကာ အသက်ရှင်ကျန်ရစ်တဲ့ သက်ရှိတွေကို ရှာဖွယ်ကယ်ဆယ်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

AI ကွန်ပြူတာ အမြင်အာရုံခံနည်းပညာစနစ်ကို အသုံးပြုထားတဲ့ အဲဒီကားဟာ ကင်မရာကိုအသုံးပြုပြီးတော့ အမြင်ကတဆင့် အရာဝတ္ထုတွေကို ခွဲချမ်းစိတ်ဖြာတဲ့ ကွန်ပြူတာဗွီးရှင်း ဘေ့စ် အေအိုင်အမျိုးအစားကို အသုံးပြုထားတာဖြစ်လို အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေတွေ့ရှိတဲ့အခါ ဝိုင်ဖိုင်ကနေတဆင့် ချိတ်ဆက်ထားတဲ့ ဖုန်း၊ တက်ဘလက်နဲ့ ကွန်ပြူတာတွေဆီကို အချက်ပြသတင်းပေးပိုမယ့်စနစ်နဲ့ အလုပ်လုပ်နိုင်တယ်လို့ ဆိုထားပါတယ်။
