// | DailyBriefNews ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၅ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အနီး၌ ကျင်းပ -

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂၀၂၅ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အနီး၌ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အနီး၌ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။

“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့် နိုင်ငံတော်၏ မူဝါဒနှင့်အညီ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် သာယာလှပရေး၊ ဂေဟစနစ်ကောင်းမွန် မျှတစေရေး၊ သဘာဝဘေးအန္တရာယ်များမှ တားဆီးကာကွယ်နိုင်ရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေး စသည့် ရည်ရွယ်ချက်ကောင်းများနှင့် နိုင်ငံတော်က ဦးဆောင်ပြီး ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့် သစ်ပင်စိုက်ပျိုးပွဲတော်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ယာယီသမ္မတက ပြောကြားသည်။

ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် အရောင်အသွေးစုံလင်ပြီး ရနံ့မွှေးပျံ့သောပန်းများပွင့်သည့် အရိပ်ရသစ်မျိုး (၁၈)မျိုး၊ အပင်ပေါင်း ၃,၀၀၀ ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ ယနေ့စိုက်သည့် နှစ်ရှည်ပင်များသည်အထူး အစီအစဉ်ဖြင့် စိုက်ခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး၊ အကြီးဆုံးဖြစ်သည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားသည့် ပရိဝုဏ်တော်အတွင်း သီးခြားစိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ၁၂ လရာသီ ပန်းရနံ့များဖြင့် ဝေဆာစွာရှိနေစေရန် ပူဇော်နိုင်အောင်ရည်မှန်းပြီး သီးသန့်ရွေးချယ်စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ပိတောက်၊ ခရေ၊ ကံ့ကော်၊ အင်ကြင်း၊ တမာ၊ စကားဝါ၊ ပနားမားငု၊ စွယ်တော်အပါအဝင် ၁၈ မျိုး စိုက်ပျိုးသွားကြမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

ယနေ့ ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲသည် မြတ်စွာဘုရားကို ထာဝရပူဇော်နိုင်ရန် ရည်ရွယ်ပြီး အရောင်၊ အဆင်း၊ အနံ့နှင့် ပြည့်စုံသည့် နှစ်ရှည်ပင်များကို စိုက်ပျိုးခြင်းဖြစ်သည့်အတွက်ကြောင့် ရှင်သန်ဖြစ်ထွန်းအောင် အထူးစေတနာထားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခရေပျိုးပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၇-၉-၂၀၂၅) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်