
ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရန်အတွက် သေဒဏ်အထိချမှတ်နိုင်သည့် ဥပဒေပြဌာန်း
ရွေးကောက်ပွဲကာလအတွင်း ပြဋ္ဌာန်းထားသည့် ဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရာ၌ တစ်ဦးတစ်ယောက်ကို သေဆုံးမှုဖြစ်စေလျှင် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူအသီးသီးကို သေဒဏ်ချမှတ်ရမည့် “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ” အား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက် ရက်စွဲပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၄၈/၂၀၂၅) ဖြင့် ပြဋ္ဌာန်းလိုက်သည်။
ဥပဒေ ပုဒ်မ ၁၇ တွင် မည်သူမျှ မဲဆန္ဒရှင်တစ်ဦးဦးကို ဆန္ဒမဲမပေးနိုင်စေရန်အတွက် (က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊ (ခ) မိမိအလိုအလျောက် နာကျင်စေခြင်း၊ (ဂ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း ပြုလုပ်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေမပြုရကြောင်း ပြဋ္ဌာန်းထားသည်။
ဥပဒေ ပုဒ်မ ၁၈ တွင် မည်သူမျှ ရွေးကောက်ပွဲကာလအတွင်း မဲရုံမှူးကိုဖြစ်စေ၊ မဲရုံအဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ ကော်မရှင် သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ပေးအပ်ထားသူ တစ်ဦးဦးကိုဖြစ်စေ ယင်း၏ တာဝန်ဝတ္တရားများ မထမ်းဆောင်နိုင်စေရန် (က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ (ခ) မိမိအလိုအလျောက် နာကျင်စေခြင်း၊ (ဂ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း ပြုလုပ်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပြုရကြောင်း ပြဋ္ဌာန်းထားသည်။
ဥပဒေ ပုဒ်မ ၁၉ တွင် မည်သူမျှ ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တစ်ဦးဦးကို ယင်း၏တာဝန်ဝတ္တရားများ မထမ်းဆောင်နိုင်စေရန် (က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ (ခ) မိမိအလိုအလျောက် နာကျင်စေခြင်း၊ (ဂ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း ပြုလုပ်မှု တစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မပြုရကြောင်း ပြဋ္ဌာန်းထားသည်။
ဥပဒေ ပုဒ်မ ၂၀ တွင် မည်သူမျှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဦးက ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခြင်း မပြုနိုင်စေရန် (က) ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ နှောင့်ယှက်ခြင်း၊ (ခ) မိမိအလိုအလျောက် နာကျင်စေခြင်း၊ (ဂ) မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေခြင်း ပြုလုပ်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ မပြုရကြောင်း ပြဋ္ဌာန်းထားသည်။

ပြစ်ဒဏ်များအနေဖြင့် ဥပဒေ ပုဒ်မ ၂၅ ပုဒ်မခွဲ (က) တွင် မည်သူမဆို ပုဒ်မ ၁၇ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၁၈ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၁၉ ပုဒ်မခွဲ(ဂ) သို့မဟုတ် ပုဒ်မ ၂၀ ပုဒ်မခွဲ(ဂ) ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ် နှစ်နှစ်ဆယ်အထိ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ဥပဒေ ပုဒ်မ ၂၅ ပုဒ်မခွဲ ( ခ ) တွင် မည်သူမဆို ပုဒ်မ ၂၅ ပုဒ်မခွဲ(က)ပါ ပြစ်မှုတစ်ရပ်ရပ်ကို လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ်အနည်းဆုံး ဆယ့်ငါးနှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ဥပဒေ ပုဒ်မ ၂၁ တွင် မည်သူမျှ ဆန္ဒမဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာများနှင့် အသုံးဆောင်ပစ္စည်းများကို မည်သည့်နည်းဖြင့်မဆို မိမိအလိုအလျောက်ဖျက်ဆီးခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေခြင်းကို မပြုရကြောင်း ပြဋ္ဌာန်းထားသည်။
ဥပဒေ ပုဒ်မ ၂၂ တွင် မည်သူမျှ ရွေးကောက်ပွဲကော်မရှင်ရုံး သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲရုံးကို ဖြစ်စေ၊ မဲရုံ သို့မဟုတ် မဲရုံအဖြစ် အသုံးပြုသည့် အဆောက်အဦကိုဖြစ်စေ၊ မဲလက်မှတ်၊ မဲပုံး၊ မဲပေးစက်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ထိန်းသိမ်းထားသည့် အဆောက်အဦကိုဖြစ်စေ မည်သည့်နည်းဖြင့်မဆို ဖျက်ဆီးခြင်း၊ ပျက်စီးအောင်ပြုလုပ်ခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေခြင်းကို မပြုရကြောင်း ပြဋ္ဌာန်းထားသည်။
ပြစ်မှုဒဏ်အနေဖြင့် ဥပဒေ ပုဒ်မ ၂၆ ပုဒ်မခွဲ (က) တွင် မည်သူမဆို (က) ပုဒ်မ ၂၁ နှင့် ပုဒ်မ ၂၂ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ်အနည်းဆုံး ငါးနှစ်မှ အများဆုံးဆယ်နှစ်အထိ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
ဥပဒေ ပုဒ်မ ၂၆ ပုဒ်မခွဲ ( ခ )တွင် ပုဒ်မ ၂၆ ပုဒ်မခွဲ(က) ပါ ပြစ်မှုတစ်ရပ်ရပ်ကို လူစုလူဝေးဖြင့် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ်အနည်းဆုံး ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ပုဒ်မ ၂၇ တွင် ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာ၌ တစ်ဦးတစ်ယောက်ကို သေဆုံးမှုဖြစ်စေလျှင် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူအသီးသီးကို သေဒဏ်ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ဥပဒေ ပုဒ်မ ၂၈ တွင် မည်သူမဆို ဤဥပဒေပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန် အားထုတ်လျှင်ဖြစ်စေ၊ ကျူးလွန်ရာတွင် ပူးပေါင်းကြံစည်လျှင်ဖြစ်စေ၊ အားပေးကူညီလျှင်ဖြစ်စေ မူရင်းပြစ်မှုတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။