
ရွေးကောက်ပွဲကျင်းပမည့်အကြောင်းကို မြန်မာနှင့် အိန္ဒိယတို့ ဆွေးနွေး
မြန်မာနိုင်ငံ၌ မကြာမီကျင်းပမည့် လွတ်လပ်၍တ ရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အိန္ဒိယတပ်မတော် ကာကွယ်ရေးဆိုင်ရာ ထောက်လှမ်းရေးညွှန်ကြားရေးမှူး ချုပ်နှင့် ဒု-စစ်ဦးစီးချုပ်(ထောက်လှမ်းရေး) Lieutenant General Shrinjay Pratap Singh, AVSM, YSM တို့ဆွေးနွေးခဲ့ကြသည်။
၎င်းတို့နှစ်ဦးသည် ဇူလိုင် ၁၆ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။တွေ့ဆုံစဥ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးဖြစ်ပေါ်ကြုံတွေ့ခဲ့ရချိန်၌ အိန္ဒိယနိုင်ငံမှကူညီကယ်ဆယ်ရေးအဖွဲ့များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အချိန်နှင့်တစ်ပြေးညီကူညီပေးအပ်ခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာများတွင်လည်း ဆက်လက်ကူညီပေးသွားမည့်အစီအစဥ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဥ်များ၊ မြန်မာနိုင်ငံတွင် လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကို အနှစ်သာရရှိစွာကျင်းပသွားမည်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။