
မင်းသား ဘရက်ပစ်ရဲ့နေအိမ်ဖောက်ထွင်းခံရ
အော်စကာဆုရှင် အမေရိကန်မင်းသား ဘရက်ပစ် ဟာ သူ့ရဲ့သည်းထိတ်ရင်ဖိုရုပ်ရှင် F1 အတွက် ခရီးသွားနေချိန် ဇွန်လ ၂၆ ရက်က သူ့ရဲ့အမေရိကန်၊ လော့စ်အိန်ဂျလိစ်ရှိ နေအိမ်ဟာ ဖောက်ထွင်းခံရတယ်လို့ အမေရိကန် မီဒီယာတွေက ဆိုပါတယ်။
သံသယရှိသူ သုံးဦးဟာ အိမ်ရှေ့ခြံစည်းရိုးကို ကျော်တက်ပြီး ပစ္စည်းအချို့ ခိုးယူကာ ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့ ရဲသတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။
ခိုးယူခံရတဲ့ပစ္စည်းတန်ဖိုးကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ ဘရက်ပစ်ဟာ သူ့ရဲ့ ရုပ်ရှင်အသစ် F1 ရဲ့ကမ္ဘာလုံးဆိုင်ရာ ပရိုမိုးရှင်းအတွက် ဗြိတိန်နိုင်ငံ၊ လန်ဒန်ရှိ ရုပ်ရှင်ပြပွဲကို ရောက်ရှိနေတာကြောင့် အဲဒီအချိန်က အိမ်မှာ ရှိမနေခဲ့ပါဘူး။
Variety မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ ဘရက်ပစ်ဟာ သူ့ရဲ့လော့အိန်ဂျလိစ် နေအိမ်ကို ၂၀၂၃ ခုနှစ်ကမှ အမေရိကန်ဒေါ်လာ ၅.၅ မီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း MLS ကလပ် Los Angeles FC မှ ပြင်သစ်တိုက်စစ်မှူး အိုလစ်ဗီယာဂျီယော့ နေအိမ်ဟာ လက်ဝတ်ရတနာ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ခန့် ဖောက်ထွင်းခိုးယူခံခဲ့ရဖူးတယ်လို့ သိရပါတယ်။