
မင့်စ်မြို့သို့ရောက်ရှိလာသည့် နစက ဥက္ကဋ္ဌအား ဘယ်လာရုစ်နိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က ဂုဏ်ပြုကြိုဆို
EAEU ၏အလှည့်ကျဥက္ကဋ္ဌ ဘယ်လာရုစ်နိုင်ငံသမ္မ တ H.E. Mr. Alexander Grigoryevich Lukashenko ၏ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ကျင်းပမည့် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)တက်ရောက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည် ဇွန် ၂၅ ရက်နံနက်ပိုင်းက အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာခဲ့သည်။
ထိုသို့ ထွက်ခွာခဲ့ရာ ညပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ရာ နစက ဥက္ကဋ္ဌအား ဘယ်လာရုစ်နိုင်ငံ၊ ဒု-ဝန်ကြီးချုပ် Mr. Yuri Shuleiko၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး(၁) Mr. Lukashevich Sergey Vladimirovich နှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ဗိုလ်မှူးချုပ်ကျော်စိုးဦးနှင့် မင့်စ်မြို့ရှိမြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူတို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။


ထို့ပြင် ဘယ်လာရုစ်နိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့မှလည်း နစက ဥက္ကဋ္ဌအား နိုင်ငံ့ခေါင်းဆောင်များအားကြိုဆိုသည့် အစဉ်အလာနှင့်အညီဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ နစက ဥက္ကဋ္ဌသည် ခရီးစဥ်အတွင်း၌ စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ်(EEF 2025)တက်ရောက်ခြင်း၊ EAEU ၏အလှည့်ကျဥက္ကဋ္ဌဖြစ်သော ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် သီးခြားတွေ့ဆုံ ဆွေးနွေးခြင်း၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ ခရီးစဥ်အတွင်း နစက ဥက္ကဋ္ဌသည် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများနှင့် Eurasian Economic Union EAEU အဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုဆိုင်ရာများကို ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်သည်။
ခရီးစဥ်တွင် နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နစက အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒု-ဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှတာဝန်ရှိသူများလိုက်ပါသွားခဲ့ကြသည်။