
မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ တစ်ပေကျော် ပြန်တက်လာ
ယနေ့ ဇွန် (၁၇) ရက်၊ နံနက်ပိုင်းအချိန်တွင် မြစ်ကြီးမြို့၌ ဧရာဝတီမြစ်ရေ တစ်ပေကျော် ပြန်တက်လာသည်ဟု မြစ်ကြီးနားမြို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
လက်ရှိ မြစ်ကြီးနားမြစ်ရေသည် စိုးရိမ်ရေအမှတ် (၁,၂၀၀) စင်တီမီတာသို့ ရောက်ရှိရန် (၇၇၇) စင်တီမီတာ( ၂၅) ပေခွဲခန့်အလိုတွင် ရောက်ရှိနေကြောင်း သိရသည်။
မြန်မာပြည်မြောက်ပိုင်း ဧရာဝတီမြစ် အထက်ပိုင်း၌ မိုးအသင့်တင့် ရွာသွန်းလျှက်ရှိနေသည့်အတွက် မြစ်ကြီးနားမြစ်ရေမှာ ဖြေးဖြေးချင်းဆက်လက်မြင့်တက် နေဦးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အခုနှစ် ဇွန်လ အကုန်နဲ့ ဇူလိုင်လဆန်းပိုင်းအတွင်းရောက်ပြီးမှ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေ နောက်ထပ်တစ်ကြိမ် ပြန်တက်လာနိုင်ပါတယ်”ဟု ၎င်းက သုံးသပ်ပြောကြားသည်။
ဧရာဝတီမြစ်ရိုးတလျောက် မြို့များအားလုံး၏ မြစ်ရေသည် မြစ်ကြီးနားမြို့၏ မြစ်ရေအတက်အကျပေါ်တွင် ရာနှုန်းပြည့်မူတည်နေသည့်အတွက် မြစ်ကြီးနားမြစ်ရေကို သိထားခြင်းဖြင့် မိမိဒေသ၏ မြစ်ရေအတက်အကျကို ကြိုတင်သိရှိပြီး ပြင်ဆင်ချိန်ရနိုင်မည်ဖြစ်သည်ဟု ၎င်းကဆိုသည်။
မြစ်ကြီးနားမြို့တွင် ဇွန်လ (၁) ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဧရာဝတီမြစ်ရေမြင့်တက်ကာ မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ဒေသခံရေဘေးသင့်ပြည်သူထောင်နှင့်ချီ၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြရသေးသည်။