// | DailyBriefNews အငြင်းပွားဖွယ်ရာ ရလဒ်တွေနဲ့ စပိန်လက်ရွေးစင် မန်စီးတီး ကွင်းလယ်လူ ရိုဒရီက Ballon d'Or ရရှိ -

အငြင်းပွားဖွယ်ရာ ရလဒ်တွေနဲ့ စပိန်လက်ရွေးစင် မန်စီးတီး ကွင်းလယ်လူ ရိုဒရီက Ballon d’Or ရရှိ

အောက်တိုဘာလ ၂၉ ရက်နေ့

၂၀၂၄ ဇူလိုင်လက စပိန်အသင်းနဲ့အတူ ယူရိုဖလားရခဲ့သလို မန်ချက်စတာစီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပါ ရရှိခဲ့တဲ့ ကွင်းလယ်ကစားသမား ရိုဒရီဟာ တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမား Ballon d’Or ဆုရရှိသွားခဲ့ပါတယ်။

Ballon d’Or ဆုအတွက် အမှတ်ပေးရွေးချယ်ကြတဲ့အထဲမှာ ဘရာဇီးလက်ရွေးစင် ရီးရဲတောင်ပံကစားသမား ဗီနီစီးယပ်စ်ဂျူနီယာက ဒုတိယနဲ့ အင်္ဂလန်လက်ရွေးစင် ရီးရဲမက်ဒရစ်ကွင်းလယ်လူ ဂျုဒ် ဘယ်လင်ဟမ်က တတိယနေရာ အသီးသီးရသွားကြပြီး ရိုဒရီလိုမျိုး စပိန်အသင်းနဲ့ ယူရိုချန်ပီယံ၊ ရီးရဲနဲ့ ချန်ပီယံလိဂ်၊ လာလီဂါ၊ UEFA စူပါဖလားတွေ ဆွတ်ခူးနိုင်ခဲ့တဲ့ ကာဗာဟယ်က အဆင့် ၄ နေရာသာ ရွေးချယ်ခံခဲ့ရတာကြောင့် ဒီဆုကိုရသွားတဲ့ Rodri ပုံဖော်ပြတဲ့ France Football ရဲ့ Page မှာတော့ Haha တွေ Angry React တွေများခဲ့တာလည်း တွေ့ရပါတယ်။

အမျိုးသမီး အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ကိုတော့ ဘာစီလိုနာအသင်းကွင်းလယ်လူ အိုင်တာနာ ဘွန်မာတီက နှစ်နှစ်ဆက် ရရှိသွားပြီး ဘွန်မာတီဟာ ဘာစီလိုနားအသင်း လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ရအောင် စွမ်းဆောင်ပေးခဲ့သူပါ။ ဒါ့အပြင် အမျိုးသမီးတန်းတူညီမျှမှုနဲ့ အမျိုးသမီးအခွင့်အရေးစွမ်းဆောင်မှုအတွက်ပေးအပ်တဲ့ ဆိုကရေးတီးဆုကို ဂျန်နီဖာဟာမိုဆိုက ရရှိခဲ့ပါတယ်။ တခြားသောဆုတွေဖြစ်တဲ့ လဘ်ယာရှင်ဆုကို အာဂျင်တီးနားနဲ့ အက်စတွန်ဗီလာဂိုးသမား မာတီနက်၊ အမျိုးသမီးဂျိုဟန်ခရိုက်ဖ်ဆုကို အင်္ဂလန်နဲ့ ချဲလ်ဆီးက အမ်မာဟေးယက်စ်၊ အမျိုးသားနည်းပြဆုကို ရီးရဲမက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီ၊ အကောင်းဆုံး ကလပ်အသင်းဆုကို ဘာစီလိုနာအမျိုးသမီးအသင်း၊ ဂဒ်မူလာဆုကို ဟယ်ရီကိန်းနဲ့ အမ်ဘာပေတို့ ပူးတွဲရရှိခဲ့သလို ကိုပါထရိုဖီဆုကို ဘာစီလိုနာက လမိုင်းယာမယ် ရသွားခဲ့ပြီး ရီးရဲရဲ့ အာဒါဂူလာက အဆင့် ၂၊ မန်ယူရဲ့ မိုင်နူးက အဆင့် ၃ နဲ့ ဂါနာချိုက အဆင့် ၆ နဲ့ ကျေနပ်ခဲ့ရပါတယ်။

မန်စီးတီးရဲ့ ရိုဒရီ ရွှေဘောလုံးဆု Ballon d’Or ရသွားခဲ့တာကြောင့် သူဟာ ပရီးမီးယားလိဂ်မှာ ခရစ္စတီယာနို ရိုနယ်လ်ဒိုရရှိခဲ့တဲ့ ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးရရှိသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပေမဲ့ ဒီနှစ်ကတော့ ရှေ့ဆယ်စုနှစ်ကာလမှာ အကြိမ်အများဆုံးရထားတဲ့ မက်ဆီရော၊ ဒုတိယအများဆုံးရထားတဲ့ ရိုနယ်လ်ဒိုပါ ဆန်ခါတင် လူ ၃၀ စာရင်းတောင် မပါဝင်ခဲ့တဲ့ ပထမဆုံးနှစ်လည်း ဖြစ်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရေဘေးမှာ စွမ်းစွမ်းတမံကူညီပေးခဲ့တဲ့ ဖြူဖြူထွေးကို အလင်းရောင် Group က ပရဟိတဂုဏ်ပြုဆု ချီးမြှင့်
Next post တရုတ်နိုင်ငံမှာ ကျင်းပတဲ့ နဂါးလှေလှော်အားကစား လက်ရည်စစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ လှေလှော်အားကစားအဖွဲ့က ရွှေတံဆိပ်ဆု ၅ ဆုနဲ့ ငွေတံဆိပ်ဆု ၂ ဆု ဆွတ်ခူးရရှိခဲ့